လာမည့် မိုးရာသီအတွင်း ရန်ကုန်မြို့နှင့်အနီးတဝိုက်တွင် Green Environment လှုပ်ရှားမှုအနေဖြင့် အပင်ပေါင်း ၁,၀၀၀ ကျော် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း လှုပ်ရှားမှုကို ဦးဆောင်သူ ကိုဖြိုးကျော်က ဆိုသည်။
“ အဓိက ကတော့ ရန်ကုန်မြို့ဆိုတာထက် ကမ္ဘာနှင့်အဝန်း ရာသီဥတုဖောက်ပြန်လာတယ်လေ၊ အဲဒီတော့ ကျတော်တို့နေထိုင်တဲ့ကမ္ဘာကြီးကို ပြန်လည်စောင့်ရှောက်ဖို့လိုလာတယ်၊ ဒါကြောင့် ကမ္ဘာကြီးကို စောင့်ရှောက်ဖို့ ကိုယ်နေထိုင်တဲ့ ရန်ကုန်မြို့ကနေ စတင်လိုက်တဲ့သဘောပါ၊ ပထမဦးဆုံးဆိုတော့ လိုအပ်ချက်လေးတွေလည်း ရှိနေမှာဖြစ်လို့ ဖြေးဖြေးချင်းစတင်သွားမှာပါ ” ဟု ၎င်းက MPA ကိုပြောသည်။
ပထမဆုံး လှုပ်ရှားမှုအနေဖြင့် ယခုနှစ်မိုးရာသီတွင် အပင်ပေါင်း ၅၀၀ မှ ၁,၀၀၀ ကြား စိုက်ပျိုးသွားမည်ဖြစ်ပြီး ရန်ကုန်မြို့အနီးတဝိုက်ရှိ မှော်ဘီ၊ ထောက်ကြန့်စသည့် နေရာများမှ စတင်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
“ ပုံမှန် မိုးရွာတဲ့ ဇွန်တို့၊ ဇူလိုင်လမျိုးတွေမှာပဲ အပင်တွေကို စိုက်ပျိုးသင့်ပါတယ်၊ အခုချိန်မှာ စိုက်ရင် အပူချိန်က တအားမြင့်နေတော့ အပင်တွေ မရှင်နိုင်ပါဘူး၊ ဒီလိုမျိုး အပင်တွေစိုက်ဖို့ လုပ်လာကြတာတွေ့ရတော့ သဘာဝပတ်ဝန်းအတွက် ကောင်းတဲ့အလေ့အထတစ်ခုပါပဲ ” ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်သူတစ်ဦးကအကြုံပြုသည်။
ထို့ပြင် အပင်များကို စိုက်ပျိုးပြီးပါက စနစ်တကျ ရေလောင်းခြင်း၊ ပေါင်းသင်ခြင်းများဖြင့် စနစ်တကျ ဂရုစိုက်ပေးရန် လိုအပ်ကြောင်းနှင့် ဂရုမစိုက်ဘဲ ပစ်ထားပါက အပင်များမရှင်သန်နိုင်ကြောင်း ၎င်းကဆက်လက်ပြောသည်။
ကမ္ဘာ့အပူဆုံး (၁၅) မြို့စာရင်းတွင် မြန်မာနိုင်ငံက ချောက်၊ မင်းဘူး၊ မကွေးနှင့် ညောင်ဦးမြို့များ ပါဝင်နေဆဲဖြစ်ကြောင်း ကမ္ဘာ့မိုးလေဝသဆိုင်ရာ အချက်အလက်များကို ဖော်ပြပေးနေသည့် Eldorado ဝက်ဘ်ဆိုက်၏ ဧပြီ ၂၇ ရက် ထုတ်ပြန်သည့်စာရင်းအရ သိရသည်။