စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မင်းကုန်းကျေးရွာတွင် လုံခြုံရေးဆောင်ရွက်နေသည့် PDF ကင်းစခန်း ဧပြီ ၂၇ ရက်တွင် ဝင်ရောက်စီးနင်းခံရသဖြင့် ရဲဘော်သုံးဦးကျဆုံးကာလေးဦးအဖမ်းခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
ရွှေဘိုမြို့မှ နာရေးကူညီမှုအသင်းကားဖြင့် ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မင်းကုန်းကျေးရွာဂိတ်သို့အရောက်တွင် ကားဖြင့်တဟုန်ထိုးဝင်ရောက်ပစ်ခတ်စီးနင်းခဲ့ခြင်းဖြစ်ကြောင်း Local PDF အသိုင်းအဝိုင်းနှင့် နီးစပ်သည့် အသက် ၂၆ နှစ်အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။
“ရွှေဘိုကထွက်လာတာထင်တယ်၊ ဘုန်းကြီးကျောင်းမှာထိုင်နေတဲ့ေ-ွးဆိုရင် သိမှာ၊ နာရေးကူညီမှုအသင်းကားနဲ့ တစ်ဟုန်ထိုး ဝင်လာတာ” ဟု ၎င်းက MPA ကိုပြောသည်။
မင်းကုန်းကျေးရွာ ဘုန်းကြီးကျောင်းတွင် စစ်ကောင်စီတပ်က အင်အား ၈၀ ခန့်ဖြင့် အထိုင်ချတပ်စွဲထားသည်မှာကိုးလခန့်ကြာမြင့်နေပြီဖြစ်ပြီး Local PDF များက မင်းကုန်းကျေးရွာ တံတားတွင် အလှည့်ကျစနစ်ဖြင့် ကင်းချထားခြင်းဖြစ်သည်။
မင်းကုန်းကျေးရွာဘုန်းကြီးကျောင်းတပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် Local PDF လုံခြုံရေးကင်းမှာ တစ်မိုင်ခွဲခန့်သာကွာဝေးကြောင်း သိရသည်။
“ဖြစ်သွားတာက ကင်းချိန်းတဲ့အချိန်မှာ ဖြစ်သွားတာ၊ ကင်းက နှစ်နာရီတစ်ခါချိန်းတာ၊ ပထမအဖွဲ့က နောက်တစ်ဖွဲ့ကို စောင့်နေတုန်း စကစက ကားနဲ့လာပစ်တာ၊ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်သေးတယ်” ဟု ၎င်းက ဆက်ရှင်းပြသည်။
အထက်ပါ စီးနင်းမှုဖြစ်စဉ်အတွင်း စကစတပ်ဖွဲ့ဝင်နှစ်ဦးသေဆုံးပြီး Local PDF အဖွဲ့က ရဲဘော်သုံးဦးကျဆုံးကာ အမျိုးသားရဲဘော်သုံးဦးနှင့် အမျိုးသမီးရဲမေတစ်ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
ကျဆုံးသွားသည့်ရဲဘော်များအား အဆိုပါနေ့ကတည်းက ဆိပ်ခွန််ကျေးရွာတွင် သင်္ဂြိုဟ်ခဲ့ပြီး ဖမ်းဆီးခံရသည့် ရဲဘော်များအား မည်သည့်နေရာသို့ခေါ်ဆောင်သွားသည်ကို မသိရှိရသေးကြောင်း သိရသည်။