မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ကြာညှပ်တိုက်နယ်အတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးကာ လက်နက်ကြီးဖြင့်လည်း ရမ်းသန်းပစ်ခတ်နေခြင်းကြောင့် ဒေသခံ ၁၀၀၀ ကျော် စစ်ဘေးရှောင်နေရကြောင်း သိရသည်။
ဧပြီ၂၅ရက်တွင် ကြာညှပ်မှနေ၍ စစ်ကြောင်းထိုးလာသောကြောင့် ကိုးပင် ၊လက်ပံကုန်း၊ ပုတီးဖြူ ၊ဆယ်ဇင်းကုန်း နှင့်မင်းကုန်းကျေးရွာက ဒေသခံ ၁၀၀၀ကျော်တို့မှာ ယနေ့(ဧပြီ၂၉ရက်)အထိ ရပ်ရွာ စွန့်ခွာ စစ်ဘေးရှောင်နေရဆဲဖြစ်ကြောင်း ဒေသခံအချို့ထံက သိရသည်။
” ၂၅ရက်နေ့ကစပြေးရတာပါ။ လက်နက်ကြီးမလွတ်လို့ ခုချိန်ထိ မပြန်ရသေးပါဘူး၊လက်နက်ကြီးက ရွာတွေဘက်ကို နေ့စဥ်ပစ်ပါတယ်။ ကြာညှပ်မှာလက်နက်ကြီးထိုင်ပြီးတော့ ပစ်နေတာပါ” ဟု ဒေသခံတစ်ဦးက MPA သို့ ပြောသည်။
ဧပြီ၂၈ရက်တွင် ကြာညှပ်တိုက်နယ်၊ကိုးပင်ရွာထဲသို့ စစ်တပ် ပစ်ခတ်သည့် လက်နက်ကြီး ကျရောက် ပေါက်ကွဲခဲ့ရာ ပြည်သူတစ်ဦး ဒဏ်ရာရခဲ့ပြီး အခြေအနေ မစိုးရိမ်ရကြောင်း စစ်ဘေးရှောင်များအရေး ကူညီပေးနေသူတစ်ဦးကပြောသည်။
စစ်ကြောင်းထိုးလာသည့်တပ်သည် ဧပြီ၂၅ရက် နေ့ခင်းပိုင်းတွင်ပုတီးဖြူရွာနှင့် လက်ပံကုန်းကျေးရွာတို့က နေအိမ် ၁၀၀ ဝန်းကျင်ကို မီးရှို့ဖျက်ဆီးခဲ့သေးကြောင်း သိရသည်။
“ နေဖို့ရာအခက်အခဲရှိပါတယ်။ တဲတစ်လုံးထဲမှာ မိသားစု၃စုလောက် ပေါင်းနေရတော့ ရာသီဥတုဒဏ်နဲ့ အဆင်မပြေပါဘူး။ စားနပ်ရိက္ခာလည်း လိုအပ်ပါတယ်။ သောက်ရေကတော့ အဆင်ပြေပါတယ်။ အခြေခံဆေးဝါးလည်းလိုအပ်နေတယ် “ ဟု ကြာညှပ်တိုက်နယ်အတွင်းရှိ စစ်ဘေးရှောင်ကူညီပေးနေသူတစ်ဦးကပြောသည်။
ကြာညှပ်တိုက်နယ်ထဲသို့ စစ်ကြောင်းထိုးလာသည့် စစ်တပ်သည် ဧပြီ ၂၇ရက်နေ့ ညနေပိုင်းတွင် ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။