ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းရှိ မြို့နယ် ၅ ခုတွင် ညမထွက်ရအမိန့်ပြန်ထုတ်ထားပြီး ပစ်မိန့်ပေးထားကြောင်း သိရသည်။
ဧပြီ ၂၄ရက်၊ညပိုင်းက ကွမ်းခြံကုန်းမြို့ နယ်၊ ကသစ်ကုန်းကျေးရွာနေ ရာအိမ်မှူးနှင့် ၎င်း၏မြေးဖြစ်သူတို့ သေနတ်ဖြင့်ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီက တွံတေး၊ ဒလ၊ ကွမ်းခြံကုန်း၊ ကော့မှူးနှင့် ဆိပ်ကြီးခနောင်တို မြို့နယ်များအတွင်း ညမထွက်ရအမိန့်ထုတ်ပြန်ထားခြင်းဖြစ်ကာ ညဘက်အပြင်ထွက်သူများကို တွေ့ရှိပါက အကြောင်းပြချက်မရှိ ပစ်မိန့်ပေးထားကြောင်း စစ်ကောင်စီတပ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“ တောင်ပိုင်းခရိုင်ထဲက ငါးမြို့နယ်ကို ဧပြီလ ၂၆ရက်နေ့ကစပြီး ညမထွက်ရအမိန့် ပြန်ထုတ်တာပေါ့။ နောက်တစ်ခုက ဒီလထဲမှာ အဲ့ဘက်ခြမ်းက PDF တချို့ဖမ်းမိတယ်။နောက်တစ်ခုက ဒီရက်ပိုင်းထဲ ကွမ်းခြံကုန်းက အုပ်ကြီး အသတ်ခံရတာလည်း ပါတာပေါ့” ဟု ၎င်းက ပြောသည်။
ယင်းသို့ ညမထွက်ရ အမိန့်ထုတ်ပြန်ခြင်းမှာ ရန်ကုန်မြို့ကို ထိန်းချုပ်ရန် စစ်တပ်က အင်အားမရှိ သည့်အတွက် အင်အားချွေတာခြင်းဟု မြင်ကြောင်း စမ်းချောင်းပင်မသပိတ်စစ်ကြောင်း ဥက္ကဌ ကိုပီတာက ပြောသည်။
“ စစ်ကောင်စီတပ်က အင်အားနည်းနေပြီဆိုတာ ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း မြင်ရတယ်။ အင်အားမရှိတဲ့ကြားထဲက မြို့ပြကို ထိန်းချုပ်နိုင်ဖို့အတွက် ညမထွက်ရအမိန့်ကို ထုတ်လိုက်တယ်လို့ မြင်တယ်၊။ရန်ကုန်မြို့အစွန်လို နေရာတွေက စစ်ကောင်စီတပ်ကို ခဏခဏ တိုက်ခိုက်ခံရတဲ့ နေရာတွေထဲမှာ ပါတယ်။စစ်တပ်မှာ အင်အားမရှိတော့ပေမဲ့ ကျတော်တို့ မြို့ပြတော်လှန်ရေးတပ်ဖွဲ့ တွေကတော့ အင်အား ရှိနေဆဲပါ၊အလုပ်လုပ်နေဆဲပါ၊ ဒီလိုလူတွေကို သူတို့ စိုးရိမ်လို့ ညမထွက်ရ အမိန့်ကို ထုတ်တယ်လို့ မြင်ပါတယ်” ဟု ၎င်းက ပြောသည်။
စမ်းချောင်း PDFတပ်ဖွဲ့ဝင် ရဲဘော် Black Ice ကလည်း ရန်ကုန်မြို့ရှိ တော်လှန်ရေးအင်အားစုနှင့် PDFများ ဝင်ထွက်သွားလာမှုကို ထိန်းချုပ်ရန် ရန်ကုန်မြို့တစ်ဖက်ကမ်းရှိ မြို့နယ် ငါးခုတွင် ရက်အကန့်အသတ်မရှိ ညမထွက်ရ အမိန့်ထုတ်ပြန်သည့်သဘောဖြစ်ကြောင်း ဆိုသည်။
“ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင် အကြမ်းဖက်စစ်တပ်က နေရာအနှံ့မှာ သူတို့စစ်မျက်နှာတွေ ဖွင့်ထားရတယ်။အတိုက်အခိုက်ခံနေရတယ်။နောက်ဆက်တွဲ သူတို့ရှုံးနိမ့်နေတယ်။အဲ့ဒီအတွက် သူတို့ တပ်အင်အားတွေ လွှတ်ရတဲ့အခါ ဒီမြို့ပြမှာ အကြမ်းဖက်စစ်တပ်ရဲ့ စစ်တပ်အင်အားပေါ့နော်။ စစ်တပ်အင်အား၊ ရဲအင်အား လျှော့ချလိုက်တာတွေ့ရတယ်” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီတပ်သည် မြို့ပြတော်လှန်ရေးအင်အားကို ချိုးနှိမ်လို၍ ရန်ကုန်မြို့အနီးရှိ နယ်မြေစိုးမိုးမှုအားနည်းသော မြို့နယ်များတွင် ညမထွက်ရအမိန့်ထုတ်ပြန်ခြင်းဖြစ်နိုင်ကြောင်းလည်း ရဲဘော် Black Ice က သုံးသပ်သည်။