ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်အတွင်းဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသည့် ဒေသခံ ၁၀,၀၀၀ ဝန်းကျင်အထိရှိနေပြီး ရွာလုံးကျွတ်တိမ်းရှောင်ရသည့် ကျေးရွာများလည်းရှိနေကြောင်း ဒေသခံများထံမှသိရသည်။
ပြီးခဲ့သည့် ဧပြီ ၂၂ ရက်မှစတင်ခဲ့သည့် အာရက္ခတပ်တော် (AA) နှင့်စစ်ကောင်စီတပ်တို့အကြားတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က ကျေးရွာများသို့ပစ်မှတ်ထားကာ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် ရွှေလှေ၊ အုန်းမော်၊ ရေကောက်နှင့် ပုရစ်ကျေးရွာများအပါအဝင် အနီးအနားကျေးရွာများမှ ဒေသခံများမှာ ဘေးလွတ်ရာကိုတိမ်းရှောင်နေကြရခြင်းဖြစ်သည်။
“ အနီးအနားက ရွာတွေက ဖြစ်တဲ့နေ့ကတည်းကရှောင်ကြတာ၊ ဟိုတရက်ကတော့ သူဌေးရေအားက လူတွေအကုန်ပြေးကြတယ်၊ ရေကောက်၊ ပုရစ် အဲ့ဒီဘက်ကလူတွေက ခမောင်းတုန်းရွာဘက်တွေရှောင်ကြတယ်၊ ဒါတွေဆို ရွာလုံးပြတ်ပေါ့၊ အများစုကတော့ ဒီအမတို့သံတွဲမြို့ပေါ်ဖက်ကိုရှောင်ကြတာ” ဟု သံတွဲမြို့ခံအမျိုးသမီးတစ်ဦးက MPA ကိုပြောသည်။
ထိုသို့တိမ်းရှောင်လာကြသည့် စစ်ဘေးရှောင်များအတွက် အရေးပေါ်ဆေးဝါးနှင့် စားနပ်ရိက္ခာများလိုအပ်နေပြီး စစ်ကောင်စီတပ်အနေဖြင့် သံတွဲမြို့သို့ပို့ဆောင်မည့် ရိက္ခာနှင့်ဆေးဝါများကိုသိမ်းဆည်းမှုများလည်းရှိနေသည်။
ထိုပြင် အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်၏ ခလရ ၅၅ တပ်မှ ဗိုလ်ကြီးအဆင့်အပါအဝင် အရာရှိအချို့သေဆုံးမှုများလည်းရှိခဲ့ကြောင်း ဒေသခံများက ပြောဆိုနေကြသော်လည်း သီးခြားအတည်ပြုနိုင်ရန် MAP အနေဖြင့်ကြိုးစားဆဲဖြစ်သည်။
” ၅၅ တပ်က ဒုရင်းမှူးအဆင့်အထိကျတယ်ကြားတယ်၊ တခြားသေတာလည်းရှိတယ်ပြောတယ် သေချာတော့မသိသေးဘူး” ဟု သံတွဲဒေသခံတစ်ဦးကဆိုသည်။
အဆိုပါ အခြေအနေများနှင့်ပတ်သတ်ပြီး အာရက္ခတပ်တော် (AA) ၏ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခထံ ဆက်သွယ်မေးမြန်းထားသော်လည်းပြန်လည်ဖြေဆိုခြင်းမရှိသေးပေ။
ထို့အတူ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင်လည်းစစ်ကောင်စီတပ်၏ တော်ဟိန်းတောင်ဗျူဟာကို အာရက္ခတပ်တော်က သိမ်းပိုက်နိုင်ခဲ့ကြောင်းသတင်းများထွက်ပေါ်နေသည်။