မကွေးတိုင်း၊ဆိပ်ဖြူမြို့နယ်၊ ကျောက်ကြီး ကျေးရွာအနောက်ချောင်းတွင် အသက်၄၀အရွယ် အမျိုးသမီးတစ်ဦး တောင်ကျချောင်းရေနှင့်မျောပါ ပျောက်ဆုံးနေကြောင်း သိရသည်။
မေလ ၁၄ရက်နေ့ ၊ညနေ ၃နာရီခန့်တွင် ကျောက်ကြီးကျေးရွာအနီးချောင်းတစ်ဖက်သို့ရောက်ရှိနေသည့် ရွာသား၇ဦး ချောင်းဖြတ်ကူးနေစဉ် တောင်ကျချောင်းရေစီးလာကာ ရေနှင့်အတူမျောပါသွားခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးကပြောသည်။
“ ပါသွားတာက လေးယောက်ပါ၊သုံးယောက်ကချောင်းဘေးခြုံတွေကိုဆွဲကျန်ခဲ့တာ၊အဲ့အမျိုးသမီးကတော့လုံးဝမတွေ့တော့ဘူး၊ဒီမနက်ထိလိုက်ရှာသေးတယ်” ဟု ၎င်းကပြောသည်။
ကျောက်ကြီးကျေးရွာချောင်းသည် တမိုင်ခွဲခန့်အကွာရှိ ယောချောင်းအတွင်းသို့စီးဝင်သည့်ချောင်းဖြစ်ပြီး ယနေ့နံနက်ပိုင်း၌ ချောင်းဝတွင် သွားရောက်ရှာဖွေခဲ့ကြသော်လည်း ပြန်မတွေ့သေးပေ။
ဆိပ်ဖြူမြို့နယ်တွင်မိုခါဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့် ၃ရက်ဆက်တိုက်မိုးရွာသွန်းခဲ့ပြီးမေလ၁၄ရက်၊နံနက်ပိုင်းကစတင်ကာ ယောချောင်းတွင်ရေတက်လာကာ ယနေ့အထိချောင်းရေစီးသန်နေကြောင်းသိရသည်။
ယောချောင်းအနီးရှိမြေနိမ့်ပိုင်းကျေးရွာများသို့ မေလ၁၄ရက်နေ့ခင်းပိုင်းကစတင်ကာ ရေဝင်ရောက်ခဲ့သည်။