ယနေ့ မေလ ၁၄ ရက်နေ့ မြန်မာစံတော်ချိန် ၁၂ နာရီခွဲအချိန် တိုင်းထွာချက်အရ နောက် ၃၂ နာရီအတွင်း မိုခါမုန်တိုင်းသည် အားကောင်းသော ကုန်းတွင်းပိုင်းမုန်တိုင်းငယ်အဖြစ် ဆက်လက်ရွှေ့လျားနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်သည်။
အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ၏ ဗဟိုချက်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမြို့နှင့် မြန်မာနိုင်ငံ ကျောက်ဖြူမြို့ကြား စစ်တွေမြို့ကတစ်ဆင့် ဝင်ရောက်နေပြီဖြစ်သည်။
မြန်မာနိုင်ငံ မြောက်-အရှေ့မြောက်ဘက်သို့ ဆက်ရွေ့လျားနိုင်ပြီး ချင်းပြည်နယ်နှင့် မကွေးတိုင်းတို့တွင် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ဝင်ရောက်နိုင်ကာ စစ်ကိုင်းတိုင်းအတွင်း ဆိုင်ကလုန်းမုန်တိုင်း “ မိုခါ” အနေဖြင့်လည်းကောင်း ကချင်ပြည်နယ်သို့ အားကောင်းသော ကုန်းတွင်းပိုင်း မုန်တိုင်းငယ်အနေဖြင့်လည်းကောင်း ဆက်လက်ရွေ့လျားနိုင်သည်ဟု ဆိုသည်။
“ အခုကတော့ မုန်တိုင်းရှိတော့ မိုးကျနေတယ်။ တစ်နေကုန် နေထွက်တာကို မတွေ့ရဘူး။ ဖားကန့်ဘက်က အမျိုးတွေဆီ ဖုန်းဆက်ကြည့်တော့ လေပါ တိုက်နေတယ်တော့ပြောတယ်။ ပူတာအိုဘက်ကတော့ အင်တာနက်လိုင်းတွေရော ဖုန်းလိုင်းတွေရော ဆက်သွယ်ရေးလိုင်းတွေ အကုန်ပျက်နေတယ်” ဟု ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှ ပြည်သူတစ်ဦးက ပြောသည်။
ကချင်ဒေသက မူလကတည်းက မိုးတွင်းစာ၊ နွေစာ၊ ရိက္ခာများသိမ်းဆည်းလေ့ရှိသည့် ဒေသဖြစ်သည့်အတွက် မုန်တိုင်းဝင်ရောက်ခဲ့လျင်လည်း ခံနိုင်ရည်ရှိနိုင်မည့် အနေအထားဖြစ်သည်ဟု ၎င်းမှ ဆက်ပြောသည်။
ရခိုင်ပြည်နယ်တွင် အမြင့်ဆုံးလေတိုက်နှုန်းဟာ တစ်နာရီလျှင် မိုင် (၁၁၀) မှ (၁၂၀)အထိ ရှိပြီး စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ဧရာဝတီတိုင်းနှင့် ချင်းပြည်နယ်တို့တွင် အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၇၀) မှ မိုင် (၉၀) ခန့်အထိ ရှိနိုင်သည်။
“ အခုကတော့ မိုးများတယ်။ လေတိုက်တာထက် မိုးကပိုများတယ်။ အခုက ပြည်သူတွေကိုကူညီဖို့ထက် စစ်ကောင်စီက စစ်ကြောင်းထိုးနေလို့ ပြည်သူကို ဘာမှမကူညီပေးနိုင်သေးဘူး။ မိုးထဲရေထဲပြေးလွှားနေရတော့ စားနပ်ကိက္ခာ ဆေးနဲ့ အမိုးအကာတွေလိုနေတယ်” ဟု စစ်ကိုင်းတိုင်း ကနီမြို့နယ်ထဲမှ ဒေသခံကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးမှ ပြောသည်။
မေလ ၁၄ ရက်နေ့မှ စတင်ကာ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ် ကျောက်ဖြူ နဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံ ကေ့ာဘဇာဒေသကို ဖြတ်ကျော်ဝင်ရောက်တိုက်ခတ်လာသည့် မိုခါဆိုင်ကလုန်းမုန်တိုင်းသည် ပြီးခဲ့သည့် ၁ဝ စုနှစ်ကျော်အတွင်း မြန်မာနိုင်ငံကို ဝင်ရောက်တိုက်ခိုက်ခဲ့ဖူးသည့် ဆိုင်ကလုန်းမုန်တိုင်း နာဂစ်ထက် အားပြင်းပြီး ဒုတိယအားအပြင်းဆုံး မုန်တိုင်းတစ်ခု ဖြစ်လာဖွယ်ရှိနေသည်ဟု အိန္ဒိယမိုးလေဝသနဲ့ဇလဗေဒဌာန India Meteorological Department (IMD) က ခန့်မှန်းထားသည်။
“ တစ်ခါကြုံဖူးထားတော့ ကြောက်တာတော့ ကြောက်တာပေါ့။ မုန်တိုင်းလာမယ်ဆိုတော့ အရင်ကလည်း ကြုံထားဖူးတော့ အိမ်ကို ကြိုးဆွဲတာတွေ အမိုးတွေကို ဖိတာတွေ လုပ်ထားရတာပေါ့။ အရင်ကလည်း အသက်ဘေးနဲ့ အရမ်းနီးကပ်ထားတော့ စိုးရိမ်တာပေါ့။ ဘေးလွတ်တဲ့နေရာတွေတော့ ပြောင်းဖို့ စီစဉ်ထားပေမယ့် အခုကတော့ အိမ်မှာပဲ နေကြပါတယ်” ဟု ဖျာပုံမြို့မှ ဒေသခံတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နှင့် အနီးနားဒေသများရှိ လူဦးရေပေါင်း ၄ သိန်းကျော်၏ လိုအပ်ချက်များအား တစ်လကြာ ပံ့ပိုးပေးနိုင်သည်အထိ လုံလောက်သော စားနပ်ရိက္ခာများကို WFP အနေဖြင့် ကြိုတင်နေရာချထားပြီးဖြစ်သည်။
ကုလသမဂ္ဂ၏ လူသားချင်းဆိုင်ရာစာနာမှု အကူအညီပေးရေးအဖွဲ့ (OCHA) အဖွဲ့မှလည်း မြန်မာနိုင်ငံ တဝန်းတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်ရန် စီစဉ်ခဲ့ပြီး မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများကို အရှိန်မြှင့် လုပ်ကိုင်ခဲ့ကြောင်း OCHA မှ သတင်းထုတ်ပြန်ထားသည်။