စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ ရဲတပ်ရင်း ၂၈ ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခဲ့ကြောင်း Anti -Dictatorship Revolution Army-DRPA ထံက သိရသည်။
ဧပြီ ၁၁ ရက်၊ ည ၁၁ နာရီဝန်းကျင်တွင် ၆၀ မမ၊ ၁၂၀ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ မနေ့က mission ၂ ခု။ နေ့လယ်က ပျူရွာကို ပစ်တာ။ ညဘက်ကျ ရဲတပ်ရင်းကိုပစ်တာ။ mission ၂ ခုလုံး ပစ်မှတ်ကိုထိတယ်။ အသေအပျောက်များနိုင်တယ်။ အတိအကျတော့ စုံစမ်းနေဆဲပါ” ဟု DRPA မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဧပြီလ ၁၁ ရက်နေ့ မွန်းလွဲပိုင်းအချိန်တွင် ကနီမြို့နယ် အလယ်ကျွန်းရွာ (ပျူစောထီးရွာ) ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခဲ့သေးသည်။
ယင်းတိုက်ခိုက်မှုကြောင့် စစ်သားများက ၆၀ မမ ၂ ချက်နှင့် ၁၂၀ မမ ၂ ချက်၊ ပြန်လည်ပစ်ခတ်ရာ ကျေးရွာတစ်ရွာသို့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး ကလေးငယ် ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
စစ်တပ်ပစ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသော ရွာကို လုံခြုံရေးအရ ၎င်းက ထုတ်ဖော်ပြောကြားခြင်းမရှိပေ။