စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ထူးကြီးရွာသားများကို လက်ရက်ကန်းစင်များ လှူဒါန်းပေးသွားမည်ဟု S&C မီးဘေးစစ်ဘေး ပညာရေး ကူညီစောင့်ရှောက်ရေးထံက သိရသည်။
ထူကြီးရွာသည် မြန်မာ့ရိုးရာ ယဉ်ကျေးမှုအမွေအနှစ် ရက်ကန်းလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းသည့် ရွာဖြစ်ပြီး ဖေဖေါ်ဝါရီ ၂၀ ရက်တွင် စစ်ကောင်စီတပ်က ရွာကို မီးရှို့ဖျက်ဆီးခဲ့ရာ ရက်ကန်းစင် ၁၀၀ကျော် မီးလောင်ပျက်စီးခဲ့ရသည်။
ကနဦးအဖြစ် ထူးကြီးရွာအတွက် လက်ရက်ကန်းစင် ၁၀ စင် လှူဒါန်းသွားမည်ဖြစ်ပြီး လက်ရှိတွင် ရက်ကန်းစင်များ ရရှိရေးအတွက် စတင်ဆောင်ရွက်နေပြီဟု S&C တာဝန်ရှိသူတစ်ဦးက ပြောသည်။
“လက်ရှိ ရက်ကန်းတစ်ခုတည်းနဲ့ ရပ်တည်နေတဲ့သူပေါ့နော်။ ကျနော်တို့ စာရင်းကောက်မယ်။ တစ်ရွာလုံးမှာ လက်ရက်ကန်းတစ်ခုတည်းနဲ့ ရပ်တည်နေတဲ့သူ အယောက် ၅၀ ရှိရင် ကျနော်တို့ အခုလှူမယ့် ၁၀ စင်ကို မဲစနစ်နဲ့ မဲနှိုက်ပေးလိုက်မယ်။ ကျန်တဲ့၄၀ကို နောက်ထပ်မဲနှိုက်ပြီး ထပ်လှူမယ်”ဟု ၎င်းကပြောသည်။
ထူးကြီးရွာအတွက် အနည်းဆုံး ရက်ကန်းစင် ၁၀ စင် လှူဒါန်းသွားမည်ဖြစ်ပြီး ရက်ကန်းစင်တစ်စင်၏ တန်ဖိုးမှာ ကျပ် ၆ သိန်း ဖြစ်သည်။
“အခုအချိန်ထိကတော့ ၁၀ စင်လှူဖို့အတွက် ကျနော်တို့ဆီ အလှူငွေလည်း ဘယ်သူမှ လာမလှူသေးဘူး။ လှူမယ့်သူတွေလည်း ပေါ်ရင်ပေါ်လာမှာပေါ့။ တကယ်မို့ ပေါ်မလာလည်း အနည်းဆုံးကတော့ ကျနော်တို့ S&C ကနေစိုက်ထုတ်ပြီးတော့ အနည်းဆုံး ၁၀ စင်ကတော့ ဖြစ်အောင်လှူသွားမှာပါ”ဟု ၎င်းက ဆက်လက်ပြောသည်။
S&C အဖွဲ့သားများသည် ထူးကြီးကျေးရွာမြေပြင်အထိ ကွင်းဆင်းခဲ့ပြီး နေအိမ်များပြန်လည်တည်ဆောက်ပေးရန်နှင့် လက်ယက်ကန်းရုံများ ပြန်လည် တည်ဆောက်ပေးရန် နေ့ည မပျက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းလည်း S&C ကထုတ်ပြန်ထားသည်။
ဖေဖေါ်ဝါရီ၁၂ရက်နေ့တွင် ရွှေဘိုမြို့နယ်အတွင်း ရက်ကန်းလုပ်ငန်းလုပ်ကိုင်ကြသော ကျောက်မြင့်နှင့်တင့်တယ်ရွာ ၊ဖေဖေါ်ဝါရီ၁၄ရက်တွင် ပန်းလှိုင်ရွာနှင့် ဖေဖေါ်ဝါရီ၂၀ရက်နေ့တွင် ထူးကြီးနှင့်တယ်ပင်ရွာတို့ကို စစ်တပ်က မီးရှို့ခဲ့သည်။