မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အတွင်းရှိ ပြည်သူ ၄ ဦး ကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ကာ အလောင်းများကို လမ်းဘေးတွင်စွန့်ပစ်ခဲ့ကြောင်း သိရသည်။
မြင်းခြံမြို့နယ်၊ လေးရွာဆုံရွာသူ ၁ ဦး နှင့် ရွာသား ၃ ဦး ကို ဖေဖေါ်ဝါရီ ၂၈ ရက် ည ၁၀ နာရီခွဲခန့်တွင် စစ်တပ်နှင့်ပျူစောထီးတို့ လာရောက်ဖမ်းဆီးခဲ့ပြီးနောက် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကာ ယနေ့နံနက်ပိုင်း၌ အလောင်းများ လာစွန့်ပစ်ထားသည်ကို တွေ့ရကြောင်း မြင်းခြံမြို့တက်ကြွလှုပ်ရှား သူတစ်ဦးကပြောသည်။
“အလောင်းတွေကို ဘယ်အချိန် လာပစ်သွားသလဲတော့ မသိဘူး။ ဒီမနက်မှာ အလောင်းတွေ တွေ့တာ။ လေးရွာဆုံရွာနဲ့ ဗလုံရွာကြားမှာ လာပစ်သွားတာ”ဟု ၎င်းကပြောသည်။
စစ်တပ်နှင့် ပျူစောထီးတို့သည့် လေးရွာစုံရွာသို့ ယမန်နေ့ည၁၀နာရီခန့်က ဆိုင်ကယ်၅စီးဖြင့် ရောက် လာကာ လေးရွာဆုံရွာသား ကိုစိုးသူအောင်၊ ကိုဖိုးအေး၊ ကိုမောင်မောင်နှင့် မခင်ယုမွန်တို့ကို ဖမ်းဆီးသွားကာ ည ၁၀နာရီခွဲခန့်တွင် ဆိုင်ကယ် ၈ စီးဖြင့် ပြန်ထွက်သွားကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက ထုတ်ပြန်သည်။
“ပြီးခဲ့တဲ့ ၅ရက်လောက်က လေးရွာဆုံရွာက ပျူခေါင်းဆောင်ကို နွားထိုးကြီး PDF တွေက ဝင်ပစ်သွားတယ်။ အဲဒါကို လက်တုံ့ပြန်တဲ့အနေနဲ့ ဘာမှမဆိုင်တဲ့ သာမန်ပြည်သူတွေကို စွပ်စွဲပြီးသတ်တာလို့ ယူဆတယ်”ဟု မြင်းခြံမြို့ တက်ကြွလှုပ်ရှားသူကပြောသည်။
မခင်ယုမွန်၏ရုပ်အလောင်းကို ဆည်မြောင်းရေတားတံခါးနံပါတ်(၁၁)အနီးတွင် စွန့်ပစ်ထားပြီး ရေတားတံခါး (၁၄)အနီးတွင် နောက်ထပ် ရုပ်အလောင်းတစ်လောင်းနှင့်ဗလုံရွာအနီးတွင် (၂)လောင်း စွန့်ပစ်ထားခဲ့ကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီကဆိုသည်။
လေးရွာဆုံရွာ ဘုန်းကြီးကျောင်းတွင် ယခင်ကတည်းက မိတ္ထီလာလေတပ်မှစစ်သားများ တပ်စွဲထားပြီး ရွာထဲတွင်လေရွာဆုံ ရွာခံ ပျူစောထီး၁၃ဦးနှင့် စစ်ကေင်စီခန့် အုပ်ချုပ်ရေးမှူးလည်း ရှိသည်။
ဖေဖော်ဝါရီ၂၁ ရက်၊ နံနက် ၉ နာရီခန့်က မြင်းခြံမြို့နယ်၊ လေးရွာဆုံကျေးရွာနေ ပျူစောထီးခေါင်းဆောင် ဝင်းစိုးဆိုသူအား ၎င်း၏ ယာခင်းတွင် ဝင်ရောက်ရှင်းလင်းနိုင်ခဲ့ကြောင်း Natogyi Regional Defence Force က သတင်းထုတ်ပြန်ထားသည်။