ကျပ်သိန်း ၈၀၀ ပေးမှသာ လျှပ်စစ်မီး ပြန်ပေးမည်ဟု မိုးကုတ်မြို့ရပ်ကွက် ၂ ခု ကို မြို့နယ် လျှပ်စစ်ရုံးက ပြောကြောင်း သိရသည်။
မန္တလေးတိုင်း၊ မိုးကုတ်မြို့ အရှေ့ပိုင်းက ရေပူရပ်ကွက်နှင့် သဖန်းပင်ရပ်ကွက်တို့ကို မီတာမဆောင်ခြင်းကြောင့်ဟုဆိုကာ ဇန်နဝါရီ ၂၆ ရက်နေ့က စတင်ကာ လျှပ်စစ်မီး ဖြတ်တောက်ခဲ့ခြင်း ဖြစ်ပြီး ရပ်ကွက်အုပ်ချုပ်ရေး တာဝန်ရှိသူများမှတစ်ဆင့် တစ်ရပ်ကွက်လျှင် မီတာခ ကျပ်သိန်း ၄၀၀ ပေးမှ မီးပြန်ပေးမည်ဟု လျှပ်စစ်ရုံးက ပြောလာခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
“ ပထမတစ်ခါလည်း မီတာက ဆောင်ပြီးသား၊ ခုသိန်းလေးရာဆောင်ရမှာ၊ တအိမ်ကို လေးသိန်းလောက်ကျတယ်၊ မသုံးတဲ့အိမ်လည်း ပေးရမှာဆိုတော့ မီးပြန်ရဖို့မရှိတော့ဘူး” ဟု ရေပူရပ်ကွက်နေဒေသခံတစ်ဦးက ဆိုသည်။
ယင်းရပ်ကွက် ၂ ခုတွင် မီတာခ ပေးဆောင်ခဲ့သည့် အိမ်များရှိသလို မီတာခ လုံးဝမဆောင်ခဲ့သည့် အိမ်များ လည်းရှိကာ မီတာခ ဆောင်ခဲ့သည့်အိမ်များနှင့် လျှပ်စစ်မသုံးစွဲသည့် အိမ်များကလည်း အချိုးကျထည့် ဝင်ရမည့်သဘော ဖြစ်သည်။
မိုးကုတ်မြို့မှာ မီတာခမဆောင်သည့် ရပ်ကွက်များကို လျှပ်စစ်မီး ရက်ရှည်ဖြတ်ထားပြီး မီတာခဆောင်မှ မီးပြန်ပေးသည့် ရပ်ကွက်များရှိကြောင်း သိရသည်။
မီတာခ ဆောင်သော်လည်း မိုးကုတ်မြို့တွင် တရက်လျှင် ၆ နာရီ ဝန်းကျင်သာ မီးရရှိပြီး မကြာခဏ ပြတ်တောက်နေကြောင်း ဒေသခံတချို့ထံက သိရသည်။
မီးလာချိန် ၆ နာရီ အတွင်း မကြာခဏ ပြတ်လိုက်လာလိုက် ဖြစ်နေသောကြောင့် ဖုန်းအားသွင်းရန်ပင် အဆင်မပြေဟု သိရသည်။