By MPA 001
KNUတပ်မဟာ ၄ နယ်မြေအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် ကော်သူးလေတပ်မတော်(KTLA)တို့ ကြေညာချက်များအပြိုင်ထုတ်ပြန်ကာ အပြန်အလှန် သဘော ထားတင်းမာလျက်ရှိသည်။
ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) က ယနေ့ရက်စွဲဖြင့် ကြေညာချက်ထုတ်ပြန်ရာတွင် တော်လှန်ရေးရဲဘော်ရဲဘက်များနှင့် စောအယ်ခွီးထံတွင် ရှိနေကြသော PDFရဲဘော်များအားလုံးကို ပြည်သူနှင့် KNUအားဆန့်ကျင်ပုန်ကန်သည့်သူများအနေဖြင့် သတ်မှတ်ခံရမည့်အရေး မလိုလားပါသဖြင့် စောအယ်ခွီးလက်အောက်မှ ခွဲထွက်ခြင်း၊ထွက်ခွာခြင်းတို့ပြုလုပ်ကာ စစ်အာဏာရှင်ဖြုတ်ကျရေးအတွက် တိုက်ပွဲဝင်နေသော အခြားအဖွဲ့အစည်းများနှင့် လက်တွဲညီညီ ပူးပေါင်းလုပ်ဆောင်ကြရန် ဖော်ပြထားသည်။
စောအယ်ခွီးမှာကော်လာဖိုးဟု လူသိများသော ကော်သူးလေတပ်မတော်(KTLA)က ခေါင်းဆောင်တစ်ဦးဖြစ်ပြီး စောအယ်ခွီးတို့ အုပ်စုက KNU၏ အုပ်ချုပ်ရေးကိစ္စများအပေါ် ဝင်ရောက်နှောင့်ယှက်ခြင်းနှင့် KNUအဖွဲ့အစည်းများအပေါ် အနှောင့်အယှက်ပြုခြင်းများကြောင့် KNLAနှင့် ကော်သူးလေတပ်မတော်(KTLA)တို့ကြား တင်းမာမှုများဖြစ်ပေါ်လာရခြင်းဖြစ်ကြောင်းဖော်ပြထားသည်။
အထက်ပါထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး MPAက တပ်မဟာ၄နယ်မြေအတွင်းရှိ KNLA သို့ မေးမြန်းရာ “ အထက်လူကြီးမရှိပါဘူး။အပြင်သွားနေပါတယ်။ဘယ်အချိန်ပြန်ရောက်မလဲဆိုတာလဲ မသိပါဘူး။ သူလာမှ ဖြေပေးပါလိမ့်မယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။
ကော်သူးလေတပ်မတော်၏တနင်္သာရီတိုင်း ဆာကစောတိုင်းစစ်ဌာနချုပ် ကလည်း တနင်္သာရီတိုင်းအတွင်းရှိ PDFများနှင့်ပြည်သူများအနေနှင့် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နေသော အဖွဲ့များလက်အောက်တွင် ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန် ယနေ့ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။
စစ်ကောင်စီနှင့်ပူးပေါင်းနေသည့်အဖွဲ့ မည်သည့်အဖွဲ့ဖြစ်သလဲဆိုသည်ကိုမူ တိကျရှင်းလင်းစွာ ဖော်ပြထားခြင်းမရှိပေ။
အထက်ပါထုတ်ပြန်ချက်ကို လေးစားလိုက်နာကြရန် ကော်သူးလေတပ်မတော်၏တနင်္သာရီတိုင်း ဆာကစောတိုင်းစစ်ဌာနချုပ် က သတိပေးထားပြီး မလိုက်နာပါက ဖြစ်ပေါ်လာမည့်အကျိုးဆက်များသည်မလိုက်နာသူအပေါ်သာမူတည်ကြောင်း လည်းဆိုသည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) တို့သည် KNUလက်အောက်ခံတပ်များဖြစ်ပြီးကော်သူးလေတပ်မတော်( KTLA) ကို ဗိုလ်မှူးချုပ် စောနယ်ဒါးမြ ဦးဆောင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။