ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင် တပ်မဟာ (၃)၊ ဆောထိမြို့နယ်ရှိ ပြည်သူ (၁) ဦးကို စစ်ကောင်စီတပ်မှ ဖမ်းဆီးညှင်းဆဲနှိပ်စက်သတ်ဖြတ်ကာ အလောင်းအား မိသားစုထံပြန်လည်ပေးပို့ခဲ့ကြောင်း Karen National Unionမှ အတည်ပြု ဖော်ပြသည်။
သေဆုံးသူသည် ဆောထိမြို့နယ်၊ ဆိတ်ကလေးဆူးတောကျေးရွာမှ အသက် ၄၀နှစ်ရှိ ကိုကျော်ဇင်လတ်(ခ) ရှမ်းကြီး အသက် (၄၀) နှစ်ဖြစ်ပြီး စစ်ကောင်စီ၏ ၂၀၇ တပ်ရင်းမှ တပ်မှုးကိုယ်တိုင် ဖမ်းဆီးကာ စစ်ကြောရေးတွင် သုံးရက်ကြာ ဖမ်းဆီးစစ်ဆေးခဲ့ကြောင်း Karen National Union မှ အတည်ပြု ဖော်ပြသည်။
စစ်ကောင်စီတပ်မှ ဖမ်းဆီးစစ်ဆေးနေချိန်တွင် မတရား ဖမ်းဆီးသတ်ဖြတ်ခံရသူ ကျော်ဇင်လတ်(ခ)ရှမ်းကြီး ၏ မိသားစုဝင်များနှင့် ပေးတွေ့ခြင်းမရှိဘဲ ပြီးခဲ့သည့် ၂၅ ရက်နေ့က သိမ်ဇရပ် နာရေးကူညီမှုအသင်း ပရဟိတ ကားဖြင့် မိသားစုထံ ပြင်းထန်ဒဏ်ရာများစွာရရှိနေသည့် အလောင်းအား ပြန်လည်ပို့ဆောင်ပေးခဲ့သည်။
Karen National Union ၏ ထုတ်ပြန်ချက်အရ စစ်ကောင်စီတပ်၏ မတရား ဖမ်းဆီးသတ်ဖြတ်ခံရသူ ကျော်ဇင်လတ်(ခ)ရှမ်းကြီးသည် ကယ်ရီလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းသူဖြစ်ပြီး ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်ဘက်သို့ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၂ ရက်နေ့က ခရီးသည် ပို့ဆောင်ပေးခဲ့သည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၂၂ ရက်နေ့က ခရီးသည် ပို့ဆောင်ပြီးနောက် သိမ်ဇရပ်ရှိ စစ်ကောင်စီတပ်၏ ၂၀၇ တပ်ရင်းရှေ့ရှိ ကွမ်းယာဆိုင်ရှင်အမျိုးသမီးမှ သေဆုံးသူ ကျော်ဇင်လတ်(ခ) ရှမ်းကြီးအား သူမ၏အမျိုးသားကို PDF ထံခေါ်ဆောင်သွားကြောင်း စွပ်စွဲရန်ရှာသဖြင့် ကွမ်းယာဆိုင်အတွင်း ထိုင်နေသည့် ၂၀၇ တပ်ရင်း၏ တပ်မှူး တစ်ယောက်မှ တပ်ထဲခေါ်ဖမ်းဆီးကာ စစ်ကြောရေးသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၂၂ ရက်နေ့ကလည်း လယ်ဒိုမြို့နယ်၊ တုံးတံတား ကျေးရွာသား စောအယ်ထူး အသက် (၃၅) နှစ်နှင့် စောပါချစ် အသက် (၃၀) နှစ် တို့ကို စစ်ကောင်စီတပ်မှ ဖမ်းဆီးခဲ့ပြီး ယနေ့အချိန်ထိ မိသားစုဝင်များမှ သတင်းအစအနမရကာ ပျောက်ဆုံးနေကြောင်း သိရသည်။