အကြမ်းဖက်စစ်ကောင်စီက မြန်မာနိုင်ငံကို အာဏာသိမ်းပြီးနောက် မမျှော်လင့်ထားလောက်အောင် ပြည်သူလူထုရဲ့ တုံ့ပြန်မှုတွေဟာ အတော်လေး အသိအမှတ်ပြုစရာဖြစ်ခဲ့တယ်။ မြန်မာပြည်သူလူထုဟာ မထင်မှတ်ဘဲ ကျရောက်လာတဲ့ တာဝန်ဝတ္တရားတွေကို နွေဦးတော်လှန်ရေးနဲ့ စတင်ခဲ့တာပါ။
အမှောင်ဖုံးတဲ့ အခြေအနေတွေဆီ ပြန်မရောက်ချင်၊ မလိုလားချင်တဲ့အခါ အာဏာသိမ်းစစ်တပ်ကို ဖီဆန်ခဲ့ကြပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ရက်နေ့မှာ စစ်ကောင်စီက မြန်မာနိုင်ငံကို အာဏာသိမ်းလိုက်ပြီလို့ အသိပေးလိုက်တဲ့နောက် မြန်မာပြည်သူလူထုဟာ ငြိမ်းချမ်းစွာ ဆန္ဒပြခြင်းဆိုတဲ့ ခေါင်းစဉ်တစ်ခုအောက်မှာ ရှိခဲ့တယ်။
လိုချင်တဲ့ ဆန္ဒတွေကို လမ်းပေါ်ထိတက်ပြီး ငြိမ်းငြိမ်းချမ်းချမ်းဆန္ဒတွေ ဖော်ထုတ်ခဲ့တယ်။ ဒါပေမဲ့ အာဏာသိမ်းစစ်ကောင်စီကတော့ မြန်မာပြည်သူလူထုရဲ့ ဆန္ဒသဘောထားတွေကို အလေးအနက်မထားခဲ့သလို ခြောက်လောက်ရုံနဲ့ ကြောက်သွားမယ်ဆိုတဲ့ အထင်နဲ့ပဲ အကြမ်းဖက် နှိမ်နင်းတာတွေကို စတင်ပြုလုပ်ခဲ့ပါတယ်။
ဒီအချက်ဟာ မြန်မာပြည်သူလူထုကို လျှော့တွက်လိုက်လေသလားဆိုတာ စဉ်းစားစရာဖြစ်ခဲ့ပြီး အာဏာရှင်ကို ရွံမုန်းတဲ့ မြန်မာပြည်သူတွေရဲ့ ဆန္ဒတွေဟာ အခုထိ ဆက်လက် စီးဆင်းခဲ့ပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြခြင်းဆိုတဲ့ နည်းလမ်းတစ်ခုတည်းနဲ့ အာဏာရှင်တွေကို တော်လှန်ဖို့ မဖြစ်နိုင်ဘူးဆိုတာ မြန်မာပြည်သူလူထုက ကောင်းကောင်းသိခဲ့တယ်။
အဲ့ဒီနောက် လမ်းမတွေအထက် ကိုယ့်ဆန္ဒကို ဖော်ထုတ်ခွင့်မရတဲ့ အခြေအနေတွေဖြစ်လာတဲ့နောက်မှာ မြန်မာပြည်သူလူထုဟာ အကြမ်းဖက်မှုနဲ့ အာဏာသိမ်းမှုကို ဆက်လက်ဆန့်ကျင်ခဲ့ပြီး CDM ပြုလုပ်၊ “ရုံးမတက်နဲ့ ရုန်းထွက်”ဆိုတဲ့ကြွေးကြော်သံတွေနဲ့အတူ အချို့တွေကလည်း လက်နက်ကိုင်ပြီး တော်လှန်တော့မယ်ဆိုတဲ့ ဆုံးဖြတ်ချက်တွေ ချလိုက်ကြပါတယ်။
ဒီလိုနဲ့ စစ်ကောင်စီကို ဆန့်ကျင်တဲ့ နယ်ပယ်အရပ်ရပ်က ပြည်သူတွေဟာ အာဏာရှင်ဖြုတ်ချရေးကို ရည်သန်လာရာကနေ အခုဆိုရင် တစ်နှစ်ခွဲကျော်လို့ ၂ နှစ်ကာလဆီထိကို ရောက်ရှိလို့လာပါတော့မယ်။ နွေဦးတော်လှန်ရေးက နှစ်ကာလတစ်ခုကို ပေါက်လာရောက်လာခဲ့တဲ့အခါမှာတော့ CDM ခေါင်းစဉ်အောက်မှာ ရှိနေတဲ့ တော်လှန်ပြည်သူတွေဟာ အခက်အခဲပေါင်းစုံ ကြုံလာခဲ့ပြီး ဒီလိုအခြေအနေကြားမှာပဲ ဆက်လက် တိုက်ပွဲဝင်နေသူအချို့ကိုလည်း တွေ့မြင်နေရတယ်။
တချို့က CDM လုပ်ရင်းကနေ အကျပ်အတည်းပေါင်းစုံ ကြုံလာတဲ့အခါ စစ်ကောင်စီလက်အောက်ကို ပြန်ရောက်သွားတာမျိုးလည်း ရှိခဲ့ပါတယ်။ နိုင်ငံရဲ့ စီးပွားရေးအကျပ်အတည်းနဲ့ ခက်ခဲမှုတွေ ကြုံလာလို့ အာဏာရှင်ရဲ့ အုပ်ချုပ်ရေးယန္တယားအောက်ကို ရောက်ခဲ့ရတယ်ဆိုတဲ့ အကြောင်းပြန်ချက်တွေလည်း ထွက်ပေါ်ခဲ့ပါတယ်။
ဒီလိုအခြေအနေမှာ အထူးခြားဆုံးနဲ့ ခန့်မှန်းရတဲ့ခက်တဲ့ အခြေအနေတစ်ခုကလည်း နွေဦးတော်လှန်ရေးနဲ့အတူ မွေးဖွားလာခဲ့တယ်။ ဒါကတော့ အကြမ်းဖက်စစ်ကောင်စီလက်အောက်မှာ ရှိနေပေမယ့် အကြမ်းဖက်စစ်ကောင်စီကို တော်လှန်နေကြတဲ့ ပြည်သူတချို့ပါပဲ။ သူတို့ဟာ CDM မပြုလုပ်ကြဘဲ စစ်ကောင်စီလက်အောက်မှာ အကျိုးခံစားခွင့်တွေကို ရယူပြီး တော်လှန်ရေးကို ပြန်ကူနေကြတဲ့အခြေအနေပါ။ သူတို့ကိုတော့ အရပ်ခေါ် “ဖရဲသီး”တွေလို့ ခေါ်ဆိုကြပါတယ်။ အပြင်မှာစိမ်း၊ အထဲမှာ နီနေတဲ့အခြေအနေကို ဆိုလိုပြီး တချို့ကလည်း အမျိုးမျိုး အဓိပ္ပာယ် ဖွင့်ဆိုကြပါတယ်။
အဲ့ဒီလိုအခြေအနေမျိုးတွေရှိနေချိန်မှာ CDM မလုပ်တဲ့သူတွေကို အကြမ်းဖက်ဥပဒေနဲ့ တရားစွဲပြီး ဖမ်းဝရမ်းထုတ်မယ်လို့ NUG ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က ထုတ်ဖော်အသိပေးချိန်မှာတော့ ဝေဖန်မှုတွေ အတော်လေး ညံသွားခဲ့ရပါတယ်။ တချို့သော တော်လှန်ရေးတက်ကြွလှုပ်ရှားသူတွေကလည်း ဒီထုတ်ဖော်ပြောဆိုမှုကို သဘောမတွေ့ကြဘဲ ထောက်ပြတာတွေပြုလုပ်ခဲ့ကြပါတယ်။
“အကြမ်းမဖက် အာဏာဖီဆန်ခြင်းသည် တစ်ဦးချင်း၏ ဆန္ဒသဘောအရနှင့် အခွင့်အရေးအရလုပ်ဆောင်ခြင်းဖြစ်သည်”ဆိုတဲ့ ကဗျာဆရာ၊ ဒဿနပညာရှင် ဟင်နရီဒေးဗစ်သူ(စ်)ရိုးယ်ရဲ့ အဆိုကို ချပြပြီး အစိုးရနဲ့ ပတ်သက်တဲ့ တသီးပုဂ္ဂလယူဆချက်ရဲ့ ပြုပြင်ပြောင်းလဲရေးအတွက် လှုပ်ရှားမှု၊ ပိုမိုကောင်းမွန်သောအစိုးရ၊ လူ့အသိုက်အဝန်းနဲ့ လူအဖွဲ့အစည်းများအတွက် အခြေခံအကျဆုံးဖြစ်တယ်ဆိုတဲ့အချက်ကို ဉာဏ်လင်းသစ်သုတေသနအဖွဲ့ရဲ့ စာတမ်းတစ်ခုမှာ ရေးပြထားပါတယ်။
ဒီစာတမ်းမှာဆိုရင် ဟင်နရီဒေးဗစ်သူ(စ်)ရိုးယ်ရဲ့ အဆိုတွေဖြစ်တဲ့ ဒီမိုကရေစီကို ယုံကြည်သူများအတွက် တသီးပုဂ္ဂလဝါဒ စံတန်ဖိုးတွေ၊ မျှတမှုမရှိတဲ့ လူ့အဖွဲ့အစည်းနဲ့ မူဝါဒတွေကို ဆန့်ကျင်ပါဝင်ဖို့အတွက် လူထုမှာ တာဝန်ရှိတယ်ဆိုတဲ့ အချက်ကို ဖော်ပြထားပါတယ်။
အကြမ်းမဖက်ဘဲ အာဏာဖီဆန်ရေးဟာ ကမ္ဘာမှာလည်း သာဓကတွေ များစွာ ရှိခဲ့ပါတယ်။ ဂန္ဒီအပြင် အကြမ်းမဖက်တော်လှန်ရေးဝါဒသမား ဂျင်းရှပ် (Gene Sharp) တို့ရဲ့ ဝါဒတွေဟာလည်း နာမည်ကြီးခဲ့တယ်။ ဒေါက်တာဂျင်းရှပ်ရဲ့ အကြမ်းဖက်မှုနဲ့ စစ်ပွဲကို အစားထိုးပေးနိုင်မယ့် အကြမ်းမဖက် နည်းလမ်းတွေဟာ အခုအချိန်အထိ အသုံးဝင်နေဆဲဖြစ်ပါတယ်။
အထက်မှာဆိုခဲ့သလို အာဏာဖီဆန်ရေးအတွက် တစ်ထောင့်တစ်နေရာမှာပါနေတဲ့ CDM မဟုတ်တဲ့ သူတွေဟာလည်း ဒီနွေဦးတော်လှန်ရေးမှာ ရှိလာတော့ အကြမ်းဖက်စစ်ကောင်စီအတွက်လည်း “ရန်သူစစ်စစ်နဲ့ မိတ်ဆွေစစ်စစ်”ကို ခွဲနိုင်ဖို့ အတော်လေး ခက်ခဲ့သွားရစေတယ်။
နွေဦးတော်လှန်ရေးဟာ အစောပိုင်းမှာ ငြိမ်းချမ်းစွာဆန္ဒပြခြင်းဆိုတဲ့ ခေါင်းစဉ်နဲ့ စတင်ခဲ့ပြီး နောက်မှာတော့ CDM ပြုလုပ်တာတွေ၊ လက်နက်ကိုင်တော်လှန်တာတွေ စတဲ့စတဲ့ တော်လှန်ရေးအသွင်ကူးပြောင်းမှုတွေ ဖြစ်ပေါ်လာခဲ့သလို အခုတော့ ပုံစံတမျိုးနဲ့ ထပ်ပြီး အကြမ်းမဖက် အာဏာဖီဆန်ခြင်း ဆန့်ကျင်မှု တစ်ခုဟာ ထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။
သိသိသာသာလည်း မပူးပေါင်း၊ ကိုယ်တိုင် အကြမ်းဖက်ဆန္ဒပြမှုလည်းမရှိ။ ဒါပေမဲ့ အာဏာသိမ်းမှုကိုလည်းမကြိုက်။ အတွင်းထဲကနေ အာဏာဖီဆန်နေတဲ့ ပုံစံပါ။
ဒီလိုအခြေအနေတွေကြားမှာပဲ မကြာသေးခင်ကအဖြစ်အပျက်တစ်ခုက အာဏာသိမ်း စစ်ကောင်စီအတွက် အကြီးမားဆုံး တုန်လှုပ်စရာဖြစ်ရပ်တစ်ခုအဖြစ် ရှိသွားခဲ့ပါတယ်။ ဒါကတော့ စက်တင်ဘာ ၂၄ ရက်နေ့က ပစ်ခတ်တိုက်ခိုက်မှုမှာ အငြိမ်းစားဗိုလ်ချုပ် အုန်းသွင်နဲ့ သူ့သားမက်ဖြစ်သူတို့ သေဆုံးသွားခဲ့တဲ့ဖြစ်ရပ်ပါပဲ။ ဒီဖြစ်ရပ်မှာ အတွင်းက သတင်းပေးမှုတွေကြောင့် ဖြစ်ခဲ့တာဆိုတဲ့ သုံးသပ်မှုတွေ အများအပြားထွက်လာခဲ့လို့ပါပဲ။
မြတ်နိုးသူရ