By MPA 001
ကယားပြည်နယ်တွင် တိုက်ပွဲများဆက်လက်ပြင်းထန်လာနိုင်ကြောင်း ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU)၏ ပြန်ကြားရေးတာဝန်ခံ ဗိုလ်လင်းလင်းမှ ပြောသည်။
“ တိုက်လာတာကတော့ ကြာပြီပေါ့။မေလလယ်လောက်ကစပြီး အခုထိ တိုက်ပွဲတွေ ဖြစ်နေတာပေါ့။ကုန်းသာတိုက်ပွဲ၊ငွေတောင်သစ်တိုက်ပွဲကြီးတွေ အပြီးမှာတော့ ခေတ္တငြိမ်နေတယ်။နောက်ပိုင်းတိုက်ပွဲတွေက ပိုပြီးပြင်းထန်လာမယ့်အနေအထားမှာ ရှိတယ်” ဟု KRU ပြန်ကြားရေးတာဝန်ခံ ဗိုလ်လင်းလင်းမှ ပြောသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၂၄ရက်နေ့က ကယားပြည်နယ်၊ငွေတောင်သစ်ကျေးရွာအနီးသို့အင်အား၂၀၀ကျော်ဖြင့် စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် နှစ်ရက်ကျော်တိုက်ပွဲဖြစ်ပွားခဲ့ပြီး KRUလက်ချက်ဖြင့် အကြမ်းဖက်စစ်ကောင်စီငါဦးသေခဲ့ပြီးနောက် တိုက်ပွဲများ ခေတ္တငြိမ်နေကြောင်း ဗိုလ်လင်းလင်းမှပြောသည်
“ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၈ရက်နေ့က ဒေါကူးခူကျေးရွာအနီးမှာ တပ်စွဲထားတဲ့ စစ်ခွေးတွေကို ၈၁မမနဲ့ ၁၂ချက်ထုခဲ့သေးတယ်။အခုရက်ပိုင်းအတွင်း ခွေးတွေ ငြိမ်နေပုံထောက်ရင် စစ်ကြောင်းထိုးလာမယ့်အနေအထားမှာရှိတယ်။အင်အားကြီးစစ်ကြောင်းထိုးလာရင် ဘယ်လိုကာကွယ်ရမလဲတော့ ကြိုပြင်ဆင်ထားပါတယ်” ဟု ဗိုလ်လင်းလင်းမှဆက်လက်ရှင်းပြသည်။
ယခုနှစ် ဧပြီလပိုင်းအတွင်းက ကရင်နီပြည်တွင်းရှိ တော်လှန်ရေးတပ်ဖွဲ့ ၅ဖွဲ့ပေါင်းစုကာ ကရင်နီတော်လှန်ရေးတပ်ပေါင်းစု(KRU)အဖြစ်ဖွဲ့စည်းခဲ့ကာ အကြမ်းဖက်စစ်ကောင်စီအား ထိထိရောက်ရောက်တိုက်ခိုက်နိုင်ရန်အတွက် ပြီးခဲ့သည့် ဇူလိုင်လ ၁၄ရက်နေ့က အထူးကွန်မန်ဒိုတပ်ခွဲကို ဖွဲ့စည်းထားပြီးဖြစ်ကြောင်း KRUမှ ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
KRUအနေဖြင့် DMO PDF နှင့် မဟာမိတ် မိတ်ဘက်တပ်ဖွဲ့ဖွဲ့ခဲ့ပြီး ယခုနှစ်ဧပြီလမှ ယနေ့အထိ အကြမ်းဖက်စစ်ကောင်စီနှင့် တိုက်ပွဲကြီး ငါးကြိမ်ထက်မနည်းထိတွေ့ခဲ့ပြီး တိုက်ပွဲငယ်များ ၁၅ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်းဘလက်လုပ် လက်နက်ကြီးများအသုံးပြုပစ်ခတ်နေနိုင်သည့် အဆင့်ထိရောက်ရှိနေပြီဟု ဗိုလ်လင်းလင်းမှ MPAသို့အတည်ပြုပြောကြားခဲ့သည်။
လက်ရှိတွင် ကယားပြည်နယ်အတွင်း DMO PDF,Loikaw PDF,KA,KNDFနှင့် KRU တပ်ဖွဲ့များမှ အကြမ်းဖက်စစ်ကောင်စီတပ်များကို လက်နက်ကြီးများ၊ပြောက်ကျားတိုက်ခိုက်ရေးနည်းစနစ်များဖြင့် တိုက်ခိုက်လျက်ရှိကြောင်း MPAမှ စုံစမ်းသိရသည်။