နာရီပိုင်းအတွင်း ထိုင်းဘတ်ငွေစျေးနှုန်း ပြောင်းလဲမှုများ ဖြစ်ပေါ်နေသောကြောင့် ထိုင်း−မြန်မာ ငွေလွှဲလုပ်ကိုင်နေသော လုပ်ငန်းရှင်များ ညည်းတွားမှုများ ရှိလာကြသည်။
ထိုင်းဘတ်ငွေစျေးနှုန်းများ မြင့်တက်လာသည့်အတွက် ထိုင်း−မြန်မာ ငွေလွှဲလုပ်ကိုင်နေသော လုပ်ငန်းရှင်များအနေဖြင့် အမြတ်မရသည့်အပြင် အရင်းပါစိုက် ထုတ်နေရသည့် အခြေအနေဖြစ်နေသည့်အတွက် လုပ်ငန်းများအား ရပ်တန့်ရမည့် အခြေနေရှိနေပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
“ ဘတ်စျေးက တစ်ရက်ကို လေးခေါက်လောက်ပြောင်းတယ်။ မနေ့ကလည်း ထောင့်တစ်ရာ့လေးဆယ်ကို မြန်မာငွေတစ်သိန်း။ ဒီမနက်ကျတော့ ထောင့်သုံးရာကျော်ဖြစ်လိုက်၊ ထောင့်နှစ်ရာ ဖြစ်လိုက် ပြောင်းနေတာစိတ်ညစ်တယ် ” ဟု ထိုင်း−မြန်မာ ငွေလွှဲလုပ်ကိုင်နေသော လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ငွေလွှဲလုပ်ကိုင်နေသူများသည် ကရင်ပြည်နယ်ရှိ ရွာဘက်များသို့ ဆင်းကာ သက်ဆိုင်သူများထံသို့ ငွေပေးရသည့်အခါတွင် ကားဆီဖြည့်ခနှင့် လမ်းကြေးငွေပေးဆောင်ရမှုများကြောင့် လက်ရှိကာလတွင် ငွေလွှဲဝန်ဆောင်မှုပြုလုပ်ပေးရသည်မှာ မကိုက်ဘဲ ရှိလာခဲ့သည်ဟု ဆိုသည်။
လက်ရှိ အွန်လိုင်းပေါ်တွင် ပျံ့နှံ့နေသည့် ထိုင်းဘတ်တစ်ထောင်လျှင် မြန်မာငွေတစ်သိန်းဆိုသည်မှာ မဟုတ်ကြောင်းနှင့် ထိုသို့ ကောလာဟလ သတင်းများကြောင့် မြဝတီမြို့ခံများမှာ မြန်မာငွေကို မကိုင်ဆောင်ထားတော့ဘဲ ထိုင်းဘတ်ငွေများကိုသာ အဓိကအားထားပြီး ကိုင်ဆောင်နေကြကြောင်း စုံစမ်းသိရှိရသည်။
ယခုလို ထိုင်းဘတ်ငွေစျေးနှုန်း အဆမတန်မြင့်တက်လာခြင်းမှာ ပထမဆုံးအကြိမ်နှင့် အဆိုးဆုံးဖြစ်ကြောင်းကိုလည်း ထိုင်း−မြန်မာ ငွေလွှဲလုပ်ကိုင်နေသော လုပ်ငန်းရှင်တစ်ဦးက MPA သို့ ပြောပြသည်။
“ ငွေလွှဲလုပ်ခဲ့တဲ့တစ်လျှောက် တစ်ခါမှ မကြားဖူးတဲ့ ဘတ်စျေးတွေ။ အရင်နှစ်တုန်းက ဖြစ်ဖူးတယ်။ ထောင့်လေးရာကျော်အထိပဲ။ အခုဒီနှစ်ကတော့ အဆိုးဆုံးပဲ။ ဘာဆက်လုပ်ရမှန်းတောင် မသိတော့ဘူး ” ဟု ၎င်းက ဆက်လက်ရှင်းပြသည်။
ပြီးခဲ့သည့် သြဂုတ်လ (၁၃) ရက်နေ့တွင် မြဝတီမြို့အမှတ် (၃) ရပ်ကွက် ကြံခင်းလမ်းနှင့် အမှတ် (၁) ချစ် ကြည်ရေးတံတားအနီးရှိ ထိုင်း မြန်မာငွေလဲခုံ လုပ်ကိုင်နေသော လုပ်ငန်းရှင်များအား ငွေစျေးကစားသည်ဆိုသည့် အကြောင်းပြချက်ဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားသည့်ဖြစ်ရပ် ဖြစ်ပေါ်ခဲ့သည်ဟုဆိုသည်။
လုပ်ငန်းရှင်များ၏ ငွေလဲခုံ (၂၀) ခန့်နှင့် ထိုင်း၊ မြန်မာငွေများအားလုံးကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက သိမ်းဆည်းခဲ့သည်ဟု သိရှိရသည်။ လက်ရှိတွင် အဖမ်းခံရသူများထဲမှ ပြန်လည်လွတ်မြောက်လာသူများရှိသလို မလွတ်မြောက်သေးသူများလည်း ရှိကြောင်း စုံစမ်းသိရှိရသည်။
သြဂုတ်လ ၁၅ ရက်နေ့တွင်လည်း ကော့ကရိတ်မြို့တွင်းတိုက်ပွဲကြောင့် မြဝတီ −ကော့ကရိတ် အာရှကားလမ်းမကြီးအား ပိတ်လိုက်သည့်အတွက် တစ်လလျှင် တစ်ခါ ကျေးရွာများဘက်သို့ ဆင်းပြီး ငွေများပို့ဆောင်ပေးရသော ထိုင်း − မြန်မာငွေလွှဲလုပ်ငန်း လုပ်ကိုင်နေကြသည့် လုပ်ငန်းရှင်များမှာ ငွေပေးပို့ရန် အခက်အခဲများ ဖြစ်ပေါ်ခဲ့ရသည်။