အာရက္ခတပ်တော်နှင့် စစ်ကောင်စီတို့၏ တကျော့ပြန်တိုက်ပွဲများကြောင့် အာရက္ခတပ်တော် ထိန်းချုပ်နယ်မြေများအပါအဝင် စစ်ကောင်စီထိန်းချုပ်ထားသော နယ်မြေများရှိ အစိုးရဝန်ထမ်းများကို စစ်ကောင်စီက လစာဖြတ်တောက်လိုက်ကြောင်း သိရသည်။
“ကျွန်မတို့ အစိုးရဝန်ထမ်းတွေက လစာမရကြတော့ဘူး။ အစိုးရအလုပ်ကိုပဲ မှီခိုနေရတဲ့ မိသားစုတွေဝင်တွေကျတော့ အလုပ်လုံးဝပြတ်သွားပြီးတော့ ကြုံရာကျပန်းကို လုပ်ကိုင်နေကြရတာပေါ့။ အဆင်မပြေမှုတွေလည်း အများကြီးရှိတယ်။ ပုံမှန် လုပ်နေကျ အလုပ်မဟုတ်တဲ့အခါကျတော့ ဈေးရောင်းမယ်ဆိုရင်တောင် တခြားသူတွေနဲ့ ယှဉ်ပြီးတော့ ဈေးရောင်းလို့မရတာတွေ ရှိတာပေါ့။ အစိုးရဝန်ထမ်းလုပ်ခဲ့လို့ ဖယ်ကျဉ်တယ်ဆိုတာထက် မူလအလုပ်ကို လုပ်ရတာမဟုတ်တော့ အဆင်မပြေမှုတွေ ဖြစ်တာပေါ့”ဟု စစ်တွေမြို့ရှိ ပညာရေးဝန်ထမ်းတစ်ဦးက ဆိုသည်။
အာရက္ခတပ်တော်နှင့် စစ်ကောင်စီတို့ ဖြစ်ပွားနေသည့် တိုက်ပွဲကာလတစ်လျှောက်လုံးတွင် စစ်ကောင်စီက ရခိုင်ပြည်နယ်အတွင်းရှိ ၎င်းတို့၏ ဝန်ထမ်းများကို လစာများပေးနေသော်လည်း ပြီးခဲ့သည့် မတ်လမှစတင်ကာ လစာများအား ဖြတ်တောက်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
“လစာရတာက ၁၈၀,၀၀၀။ ပြီးခဲ့တဲ့လအထိတော့ လစာက ရခဲ့ပါသေးတယ်။ အဲ့ဒါကို အွန်လိုင်းစနစ်နဲ့ လွှဲပေးတာ၊ လွှဲခတွေဖြတ်လိုက်တော့ ၃ သောင်းလောက်က မရဘူး။ ကျန်တဲ့ တစ်သိန်းခွဲကလည်း ဆန်ကြမ်းတစ်အိတ်တောင် ဝယ်မရဘူးလေ။ အခက်အခဲတွေက အားလုံးပဲ။ လခစားဝန်ထမ်းတွေမှာ လခနဲ့ လုံလောက်အောင် ချွေတာစားရတာ။ ရတဲ့ လစာနဲ့ တက်တဲ့ ကုန်ဈေးနှုန်းတွေက မမျှ။ စားသောက်ဖို့ ရရာအလုပ်ကျတော့လည်း လုပ်စားဖို့က မတက်တော့ တော်တော်လေးကို အခက်အခဲဖြစ်နေပါတယ်”ဟု ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရှိ လ.ဝ.ကဝန်ထမ်းတစ်ဦးက ဆိုသည်။
ရခိုင်ပြည်နယ်အတွင်း စစ်ပွဲများပြင်းထန်နေပြီး လမ်းပန်းဆက်သွယ်ရေးများ ဖြတ်တောက်ခံထားရခြင်းကြောင့် ယင်းဒေသတွင် ကုန်စျေးနှုန်းများ အဆမတန်မြင့်တက်နေချိန် အစိုးရဝန်များအနေဖြင့် လုပ်ခလစာပါ ဖြတ်တောက်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲဖြစ်နေကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။
“ဝန်ထမ်းလစာက ရတာများများစားစားမဟုတ်။ တိုက်ပွဲမဖြစ်ခင်က စားရတဲ့ ဈေးနှုန်းနဲ့ အခုဈေးနှုန်းကမတူတော့ဘူး။ ဓာတ်ဆီဈေး အတက်အကျလည်း မတူဘူး။ လစာမရတော့လို့ တုတ်တုတ်ချေမောင်းမယ်ဆိုတော့လည်း ဆီဈေးနဲ့တင် အဆင်မပြေ။ တိုက်ပွဲမဖြစ်ခင်က ၂၅၀၀၊ ၃၀၀၀ ပဲ ရှိတဲ့ ဓါတ်ဆီဈေးက အခုဆို ၃၅၀၀၀ တောင်ဖြစ်နေတာ။ ဘယ်လိုမှ အဆင်မပြေနိုင်ဘူး။ ငုတ်တုတ်ကို ထိုင်ငတ်ကြရတော့မယ်”ဟု ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်က လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ဝန်ထမ်းတစ်ဦးက ပြောသည်။
ကျောက်တော်မြို့နယ်မှ ပညာရေးဝန်ထမ်းတစ်ဦးကလည်း “ ဆင့်ခေါ်စာတွေနဲ့ သူတို့ ထိန်းချုပ်တဲ့ မြို့နယ်တွေကိုလာပြီး တာဝန်ထမ်းဆောင်ပါဆိုပြီး ခေါ်တာမျိုးတွေတော့ရှိတယ်။ သူတို့ ဆင့်ခေါ်လို့သွားတဲ့ ဝန်ထမ်းတွေဆိုလည်း အဖမ်းခံရတာမျိုးတွေ ရှိတယ်။ ကိုယ်က ပိတ်မိနေပြီး ထွက်လို့မရတဲ့ အချိန်မှာ AA နဲ့ ဆက်စပ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးတာမျိုးတွေနဲ့ လစာတွေကို သိမ်းလိုက်တာမျိုးတွေရှိတယ်။ အဲ့ဒါကြောင့် ကျွန်တော်ဆို မသွားဖြစ်တော့တာ။ အခုတော့ အလုပ်ပါ ထွက်တဲ့သဘောဖြစ်သွားပြီ” ဟု ဆိုသည်။
ရခိုင်ပြည်နယ်တွင်း တိုက်ပွဲများကြောင့် စစ်ကောင်စီလက်အောက်ရှိ အစိုးရစာသင်ကျောင်းများ၊ လ.ဝ.က၊ ဘဏ်လုပ်ငန်းများအပါအဝင် အစိုးရပိုင်းဆိုင်ရာ လုပ်ငန်းများပါ ရပ်တန့်သွားသဖြင့် အစိုးရဝန်ထမ်းများမှာ လစာရရှိမှုရပ်တန့်သွားသလို အလုပ်အကိုင်များလည်း အခက်အခဲရှိနေကြောင်း သိရသည်။
အာရက္ခတပ်တော်သည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်မှစတင်ခဲ့သည့် ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများတွင် ရခိုင်ပြည်နယ်ထဲမှ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မြေပုံ၊ ရမ်းဗြဲနှင့် ပလက်ဝဒေသတို့ကို စစ်ကောင်စီလက်ထဲမှ တိုက်ခိုက်သိမ်းပိုက်ထားသည်။