စစ်ကောင်စီ၏ ကောင်စီရုံးစိုက်ရာ စစ်တွေမြို့တွင် စားနပ်ရိက္ခာပြတ်လပ်မှုနှင့် ရင်ဆိုင်နေရပြီဖြစ်ကြောင်း စစ်တွေမြို့ခံများထံမှ စုံစမ်းသိရှိရသည်။
“ရိက္ခာကတော့ ဘာမှမရှိတော့ဘူး။ ဒီမှာ ဘာမှဝယ်လို့မရတော့ဘူး။ ဆန်ကလက်ရှိဈေးဆိုရင် တစ်အိတ်ကို ၂၄၀,၀၀၀ တောင်ရှိတယ်။ ရိုးရိုးဧည့်မထတောင် ၁၈၀,၀၀၀ နဲ့ ၂၀၀,၀၀၀ နီးပါးထိရှိနေပြီ။ ရှာကြံပြီးတော့ ဝယ်ရတာပေါ့။ ရခိုင်ကုန်သည်တွေရဲ့ လက်ထဲမှာပစ္စည်းတွေကို မရှိတော့တာ။ အခု ဧပြီလကုန်လောက်ဆိုရင်ကို ပစ္စည်းကလုံးဝကို ပြတ်ပြီ”ဟု စစ်တွေမြို့ခံတစ်ဦးက ရှင်းပြသည်။
ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့ပြီး ၆ လအတွင်း ရခိုင်ဒေသခံများအနေဖြင့် စားနပ်ရိက္ခာနှင့် ဆေးဝါးပြတ်လပ်မှုများ ကြုံတွေ့နေရသလို တိမ်းရှောင်နိုင်ခြင်းမရှိသည့် ဒေသခံများအနေဖြင့်လည်း အငတ်ဘေးနှင့်ရင်ဆိုင်ကြုံတွေ့နေရကြောင်း ရခိုင်ဒေသခံများထံမှ သိရသည်။
“မီးဖိုချောင်သုံးပစ္စည်းတွေ ဆီ၊ ဆား၊ ငရုတ်သီးကအစ ဈေးတွေအဆမတန်တက်လာတာ။ ပိုဆိုးတာက တဖြည်းဖြည်းနဲ့ ပစ္စည်းတွေရှားပါးလာတာပဲ။ ကုန်သည်တွေလက်ထဲမှာလဲ နည်းနည်းပဲ ရှိတော့တာ။ ကုန်သင်္ဘောတွေဆိုလည်း စစ်ကောင်စီက ကမ်းမကပ်ခိုင်းဘူး။ ကုန်သင်္ဘော ၂ စီးဆို ဒီတိုင်းပဲ ရေလယ်မှာကျောက်ချထားတာ။ အကြောင်းပြချက်က ကုန်တင်ကုန်ချလုပ်မယ့် လုပ်သားမရှိလို့ဆိုပြီး ကုန်တွေကိုကမ်းမကပ်ခိုင်းတာ။ အခု စစ်တွေမှာ ပစ္စည်းတွေ ပြတ်နေတယ်ဆိုတာက စစ်ကောင်စီက ရှိရဲ့သားနဲ့ တမင်မပေးဘဲ ဖြတ်တောက်လိုက်လို့ဖြစ်တာ”ဟု စစ်တွေမြို့၊ မင်းဂံရပ်ကွက်တွင်နေထိုင်သည့် ဒေသခံတစ်ဦးက မှတ်ချက်ပြုသည်။
ထို့ပြင် ရခိုင်ပြည်နယ်အတွင်းသို့ရောက်ရှိလာသော ကုန်ပစ္စည်းများကိုလည်း ရခိုင်ကုန်သည်များထံ မပေးအပ်ဘဲ ရခိုင်ပြည်နယ်အတွင်းရှိ ကုန်သည်ကြီးများအသင်းနှင့် စစ်ကောင်စီတို့က သိမ်းယူကာ မွတ်ဆလင်ကုန်သည်များထံပေးအပ်၍ ၎င်းတို့ထံမှတဆင့် ရခိုင်လူမျိုးများက ဈေးနှုန်းအဆမတန်ပေး၍ ပြန်လည်ဝယ်ယူသုံးစွဲနေရကြောင်း ၎င်းကဆက်လက်ပြောသည်။
စစ်ကောင်စီအနေဖြင့် အထက်ပါအတိုင်းပြလုပ်နေမှုသည် ရခိုင်နှင့် မွတ်ဆလင်ဒုက္ခသည်များအကြား လူမျိုးရေးပဋိပက္ခဖြစ်စေရန် တမင်ပြန်လည်ဖန်တီးနေခြင်းဖြစ်နိုင်ကြောင်း ၎င်းကသုံးသပ်သည်။
ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများမဖြစ်ပွားမီ ယမန်မနှစ်၊ မိုခါမုန်တိုင်း မတိုင်ခင်ကာလက ပေါ်ဆန်မွှေးတစ်အိတ်လျှင်ကျပ် ၆၀၀,၀၀ ခန့်ရှိခဲ့ပြီး မိုခါမုန်တိုင်းအလွန်တွင် ကျပ် ၁ သိန်းနီးပါးသာရှိခဲ့သော်လည်း လက်ရှိ တိုက်ပွဲကာလ ၆ လတာကာလအတွင်း ကျပ် ၂ သိန်းကျော်ထိ မြင့်တက်လာခြင်းဖြစ်သည်။
ထို့အတူ ဆန်ကြမ်းတစ်အိတ်လျှင် ကျပ် ၇၀၀,၀၀ မှ ၁၂၀,၀၀၀ ထိရှိခဲ့ကာ လက်ရှိတွင် ၁၈၀,၀၀၀ အထိမြင့်တက်နေပြီး ကြက်သွန်နီ တစ်ပိဿာလျှင် ငွေကျပ် ၂၅၀,၀၀၊ ကြက်သွန်ဖြူ တစ်ပိဿာလျှင် ငွေကျပ် ၄၀၀,၀၀ ထိရှိနေကြောင်း ဒေသခံများထံမှ သိရသည်။
တကျော့ပြန်တိုက်ပွဲများပြန်လည်စတင်ခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှ စတင်ကာ စစ်ကောင်စီသည် ရခိုင်တစ်ပြည်လုံးရှိ ကုန်းလမ်း၊ ရေလမ်းများကို ပိတ်ဆို့လိုက်ပြီး နေအိမ်စွန့်ခွာထွက်ပြေးသူများနှင့် ပိတ်မိကျန်ခဲ့သူများမှာ အခက်အခဲပေါင်းစုံကြုံတွေ့နေကြရကြောင်း ရခိုင့်လူ့အခွင့်အရေးကာကွယ်မြင့်တင်သူ ဦးမြတ်ထွန်းက ဆိုသည်။
စစ်ကောင်စီ၏ ပြည်နယ်ကောင်စီရုံးစိုက်ရာ စစ်တွေမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်နေမှုအပြင် အလုပ်အကိုင်အခွင့်အလမ်းများလည်း ရှားပါးလာသည့်အတွက် လက်လုပ်လက်စား ပြည်သူများမှာ အငတ်ဘေးနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
“အခုဆို အကုန်လုံးတိမ်းရှောင်နေကြတယ်။ ကျန်ခဲ့တာဆိုလို့ လက်လုပ်လက်စားတွေနဲ့ လုံးဝစားစရာမရှိတော့တဲ့ သူတွေလောက်ပဲ ကျန်ခဲ့တာ။ ဒီအတိုင်းသာ ရှေ့ဆက်သွားမယ်ဆိုရင် ဒီလူတွေ အကုန်လုံးက အငတ်ဘေးနဲ့ပဲ တွေ့ကြမှာ။ ဆန်မရှိတာ မဟုတ်ဘူး ရှိရဲ့သားနဲ့ မထုတ်ကြတာ။ ထုတ်ရောင်းတဲ့ ဆန်ကျပြန်တော့လည်း ဈေးတွေ အရမ်းကြီးနေတာ တစ်ပြည်ကို ၁၀၀၀၀ ထိဖြစ်နေတဲ့အချိန်မှာ လက်လုပ်လက်စားတွေက ဘယ်လို ဝယ်စားရမလဲ”ဟု စစ်တွေမြို့ခံတစ်ဦးက ဆိုသည်။
စစ်ကောင်စီနှင့်အာရက္ခတပ်တော်(AA) တို့ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ရခိုင်တစ်ပြည်လုံးတွင် စစ်ဘေးရှောင်ဦးရေ ၃ သိန်းကျော်အထိ တိုးမြင့်လာပြီး ထိုသူများနှင့် လက်လုပ်လက်စားပြည်သူများမှာ ကုန်စည်စီးဆင်းမှုပြတ်တောက်ခြင်းနှင့် အလုပ်အကိုင်ရှားပါးလာခြင်းကြောင့် မကြာမီကာလအတွင်း အငတ်ဘေးနှင့် ကြုံတွေ့လာနိုင်ကြောင်း UNOCHA ၏ အချက်အလက်များအရ သိရသည်။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ရိက္ခာပြတ်လပ်မှုကို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နှစ်ကုန်ပိုင်းလောက်မှ စတင်ရင်ဆိုင်နေရခြင်းဖြစ်ပြီး ဧပြီလကုန်တွင် ရိက္ခာများမှာ လုံးဝပြတ်တောက်သွားနိုင်ကြောင်း ဒေသခံများက ခန့်မှန်းနေကြသည်။