စစ်တွေ ဆန်ပြဿနာနေ့ အခမ်းအနား တက်ရောက်ခဲ့သော အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူ ဒေါ်ညိုအေးကို စစ်တွေမြို့နယ် တရားရုံးက မတ်လ ၁၈ ရက်တွင် ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်ခဲ့ကြောင်း ဒေါ်ညိုအေး၏ သမီးက MPA ကို ပြောသည်။
ပြစ်ဒဏ်ချမှတ်ခံရသည့် ဒေါ်ညိုအေးသည် ဆန်ပြဿနာနေ့ အောက်မေ့ဖွယ်အခမ်းအနားတက်ရောက်မှုနှင့် အခမ်းအနားဖြစ်မြောက်အောင် ပံ့ပိုးကူညီပေးသည်ဟု ထင်မြင်ယူဆသောကြောင့် ပုဒ်မ ၅၀၅(က)နှင့် ညှိစွန်းသဖြင့် ထောင်ဒဏ် ၂ နှစ်ကျခံရန် တရားသူကြီးက အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်က အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူ ရခိုင်အမျိုးသမီးများ ကွန်ရက်ဥက္ကဋ္ဌ ဒေါ်ညိုအေးကို စစ်ကောင်စီက စစ်တွေမြို့၊ မင်းဂံရပ်ကွက်ရှိ ရခိုင်အမျိုးသမီးများကွန်ရက်ရုံးတွင် လာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ၇ လနီးပါးအကြာတွင်း ယခုကဲ့သို့ အမိန့်ချမှတ်ခံရခြင်းဖြစ်သည်။
မိခင်ဖြစ်သူ ဒေါ်ညိုအေးအပါအဝင် အပြစ်မဲ့ပြည်သူများအား စစ်ကောင်စီက မတရားသဖြင့် ဖမ်းဆီးကာ မတရားပုဒ်မများတပ်၍ ထောင်ချနေခြင်းသည် လူ့အခွင့်အရေးအား ချိုးဖောက်နေခြင်းပင်ဖြစ်ကြောင်း ဒေါ်ညိုအေး၏ သမီးဖြစ်သူက ဆက်လက်ပြောသည်။
“ထောင်က ချလိုက်ပြီးပြီလေ။ တရားဥပဒေဆိုတာ စာအုပ်ထဲမှာပဲရှိတာပါ။ ဥပဒေရဲ့အထက်မှာ အာဏာရှင်တွေရဲ့ လုပ်ပိုင်ခွင့်တွေရှိနေတော့ မြန်မာပြည်ဟာ ဥပဒေမဲ့တဲ့ မင်းမဲ့စရိုက် ဆန်လာတာ မဆန်းပါဘူး။ မြန်မာပြည်မှာ ကျွန်မအမေအပါဝင် ပြည်သူတွေကို မတရားဖမ်းဆီး မတရားပုဒ်မတွေတပ် ထောင်ချနေတာဟာ လူ့အခွင့်ရေးကိုချိုးဖောက်နေတာပါ။ အာဏာရှင်တွေရဲ့လက်ထဲမှာ လူ့အခွင့်ရေးဆိုတာ မှေးမှိန်ပျောက်ကွယ်သွားတာ ကြာလှပါပြီ။ ဒီအာဏာရှင်တွေလက်ထဲမှာ အချုပ်အချာအာဏာရှိနေသ၍ မြန်မာပြည်ဟာ ဒီတိုင်းမင်းမဲ့စရိုက်ဆန်နေဦးမှာဖြစ်လို့ အာဏာရှင်တွေကျရှုံးဖို့ပဲမျှော်လင့်ပါတယ်”ဟု ၎င်းက ဆိုသည်။
ရခိုင့်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူတစ်ဦးကလည်း “ဒေါ်ညိုအေး အခုဖမ်းခံရတယ်။ အမိန့်ချခံရတယ်ဆိုတာ မတရားသဖြင့် လုပ်ခံလိုက်ရတာလို့ ပြောလို့ရတယ်။ လူမျိုးတစ်မျိုးရဲ့ အထိန်းအမှတ် အခမ်းအနားဆိုတာကတော့ လူမျိုးတိုင်း လူမျိုးတိုင်းမှာ ရှိတယ်။ ဒီလိုအခမ်းအနားကို တက်ရောက်တယ်။ မိန့်ခွန်းစကားပြောတယ်ဆိုတာကို နိုင်ငံတော် အကြည်ညိုပျက်စေမှုဆိုတဲ့ ပုဒ်မနဲ့ တရားစွဲတယ်ဆိုတာကလည်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို တားမြစ်ခြင်းတစ်ခုပဲ။ ဒါဟာလည်း criminal case လိုပဲ လူ့အခွင့်အရေးကို ချိုးဖောက်တာ။ စစ်ကောင်စီရဲ့ မတရားသဖြင့်လုပ်ရပ်တွေဟာ လူ့အခွင့်အရေးကို ပေါ်ပေါ်တင်တင် ကျူးလွန်တယ်လို့ သုံးသပ်ပါတယ်”ဟု မှတ်ချက်ပြုပြောသည်။
ဆက်လက်ပြီး ဒေါ်ညိုအေး၏ သမီးဖြစ်သူက “အခုက ပြောလို့လည်း မရတော့ဘူး။ ဘာမှလည်း ပြောခွင့်မရှိတော့ဘူး။ မတရားသဖြင့်ဖမ်းဆီး၊ မတရားပုဒ်မတွေတပ်၊ နှစ်တွေအကြာကြီးထောင်ချလိုက်ပြီးပြီ။ ပြောချင်တဲ့ရင်ထဲက စကားတွေကိုပြောရင် အမေအပြင် သမီးပါ ဖမ်းဆီးထောင်ချကြဦးမှာ။ ဖမ်းဆီးခံရမှာ မကြောက်ပါဘူး။ မကျန်းမာတဲ့အမေ့ကို ကျွန်မကျန်းမာအောင်နေပြီး အပြင်ကပံ့ပိုးရဦးမှာမို့။ ကျွန်မပြောချင်တဲ့စကားတွေကို မပြောတော့ပါဘူး”ဟု MPA ကို ပြောသည်။
နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅ – (က)ဖြင့် အမှုဖွင့်ခံထားရသည့် ရခိုင်အမျိုးသမီးများကွန်ရက် ဥက္ကဋ္ဌဒေါ်ညိုအေးကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၈ ရက်က တတိယအကြိမ် ရုံးချိန်းအတွက် အချုပ်မှရုံးထုတ်စဉ် သွေးတိုးကာ မူးလဲခဲ့ခြင်းကြောင့် စစ်တွေဆေးရုံကြီးသို့ အရေးပေါ်ပို့ဆောင်၍ ကုသမှုခံယူခဲ့ရသလို လက်ရှိအချိန်ထိလည်း ကျန်မာရေးမကောင်းမွန်သဖြင့် ဒေါ်ညိုအေးကို အပြင်ဆေးရုံတွင် ဆေးကုသခွင့် ပေးစေချင်ကြောင်း ဒေါ်ညိုအေး၏ သမီးဖြစ်သူက တောင်းဆိုထားသည်။
“ကျွန်မဖြစ်စေချင်တာက အမေ့ကို ဆယ်ရက်လောက်ဖြစ်ဖြစ် အပြင်ဆေးရုံမှာ ဆေးကုသစေချင်တာပါ။ နေပြန်ကောင်းလာရင် သူတို့ထောင်ချချင်သပဆိုလည်း ချကြပါ။ အမေ့ကိုတော့ ဆေးကုသခွင့်လေး ရစေချင်တာပါ။ အမေ့ကို ဆေးကုသခွင့်လေးတောင် မပေးနိုင်ရအောင် ပြစ်မှုကြီးကြီးမားမား ကျူးလွန်ထားတာမဟုတ်ဘူးလေ။ နိုင်ငံတော်ကို ဆူပူအောင်လုပ်တာလည်းမဟုတ် နိုင်ငံတော်ကို အကြည်ညိုပျက်အောင် လုပ်တာလည်းမဟုတ်ဘူး”ဟု ဆိုသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက်က စစ်တွေမြို့တွင် ၅၆ နှစ်မြောက် စစ်တွေဆန်ပြဿနာနေ့အခမ်းအနားကို ပြုလုပ်ခဲ့ပြီး ယင်းအခမ်းအနားသို့ ဒေါ်ညိုအေးအနေဖြင့် ဖိတ်ကြားချက်ကြောင့်သာ တက်ရောက်ခဲ့ပြီး ဦးဆောင်ကျင်းပသူ မဟုတ်သော်လည်း လက်ရှိတွင်၎င်းအား စစ်ကောင်စီက ဖမ်းဆီးကာ ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ခြင်းဖြစ်သည်။