စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကြောင့် ရက္ခိုင့်တပ်တော် ထိန်းချုပ်ရာဒေသများသို့ လာရောက်ခိုလှုံကြသူများအနေဖြင့် ၎င်းတို့၏ သဘောဆန္ဒမပါဘဲ စစ်မှုထမ်းခိုင်းမည်မဟုတ်ကြောင်း ရက္ခိုင့်တပ်တော်၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောသည်။
“စစ်မှုထမ်းဥပဒေကြောင့် ထွက်ပြေးလာတဲ့ ဘယ်သူ့ကိုမဆို ရာဇဝတ်မှုကျူးလွန်ထားတဲ့ ပုဂ္ဂိုလ်မဟုတ်ရင် လူကောင်း၊ သူကောင်းဟူသမျှကို ကျွန်တော်တို့က အားလုံးကို လက်ခံပါတယ်။ တတ်နိုင်သမျှလည်း ကူညီစောင့်ရှောက်ထားပါတယ်။ နောက်တစ်ခုက သက်ဆိုင်ရာ ကာယကံရှင်တွေရဲ့ ဆန္ဒမပါဘဲနဲ့လည်း ဘယ်သူတစ်ဦးတစ်ယောက်ကိုမှလည်း အတင်းအကျပ် စစ်မှုထမ်းခိုင်းမှာ မဟုတ်ပါဘူး” ဟု ၎င်းကဆိုသည်။
စစ်မှုထမ်းဥပဒေကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၀ ရက်တွင် စစ်ကောင်စီ အတည်ပြုခဲ့ပြီးနောက် စစ်ကောင်စီထိန်းချုပ်ရာမြို့များတွင် စစ်မှုထမ်းရန်အတွက် အတင်းအကျပ်စုဆောင်းမှုများ ပြုလုပ်နေသလို ရခိုင်ပြည်နယ်အတွင်းရှိ မွတ်ဆလင်ဒုက္ခသည်များကိုလည်း အတင်းအဓမ္မခေါ်ယူ စုဆောင်းမှုများရှိနေကြောင်း ဒေသခံများထံမှ သိရသည်။
“ကိုယ့်စိတ်ဆန္ဒမပါဘဲ ဘယ်ဟာမှလုပ်လို့မရဘူးလေ။ လူတိုင်းမှာက ဝါသနာကိုယ်စီပါလာကြတာပဲ။ စစ်သားဖြစ်ချင်တဲ့ သူတွေကလည်း အစတည်းက ဒီလမ်းကြောင်းကို ရွေးချယ်ပြီးသား။ ပြည်သူတွေက စစ်မတိုက်ချင်လို့ စစ်ကိုဝါသနာမပါလို့ကို အေးဆေးနေကြတာပဲလေ။ ဒါကို စစ်သားစုဆောင်းမှုလုပ်လာမယ်ဆိုရင်တော့ ကျွန်တော်တို့ ရခိုင်တွေမှမဟုတ်ပါဘူး တစ်နိုင်ငံလုံးကတော့ စစ်ကောင်စီရဲ့စစ်မှုထမ်းခိုင်းတဲ့ လမ်းကိုတော့ ရွေးမှာမဟုတ်ဘူး။ ရက္ခိုင့်တပ်တော်ကလည်း တည်ထောင်ပြီးတည်းက စစ်သားစုဆောင်းတာတွေက မရှိခဲ့သလို အခုထိလည်း မရှိဘူး။ အခုလို ဆန္ဒမပါဘဲ စစ်မှုမထမ်းခိုင်းဘူးလို့ ထုတ်ပြောတာဟာလည်း လူတစ်ဦးချင်းရဲ့ စိတ်ဆန္ဒနဲ့ အခွင့်အရေးတွေကို အလေးထားလို့ပဲ”ဟု ပုဏ္ဏားကျွန်းဒေသခံတစ်ဦးက ပြောသည်။
စစ်မှုထမ်းဥပဒေသည် နိုင်ငံတစ်ခုမှ နိုင်ငံတစ်ခုသို့ စစ်ရေးအရ ကျူးလွန်လာမှသာလျှင် မိမိနိုင်ငံကို ကာကွယ်ရန်အတွက် မလွှဲမရှောင်သာသော အခြေအနေမျိုးတွင် တိုင်းသူပြည်သားများအား ဆင့်ခေါ်သော ဥပဒေတစ်ရပ်ဖြစ်သော်လည်း စစ်ကောင်စီအနေဖြင့် ပြည်တွင်းစစ်တွင် အသုံးပြုရန်အတွက် စစ်သားစုဆောင်းခြင်းသည် စစ်ကောင်စီ၏ ဆင်ခြင်တုံတရားမဲ့သော လုပ်ဆောင်ချက်သာ ဖြစ်ကြောင်းလည်း ဦးခိုင်သုခက ပြောသည်။
“မြန်မာနိုင်ငံလို ကျရှုံးနိုင်ငံတွေမှာ စစ်မှုထမ်းဥပဒေကို ကျင့်သုံးဖို့ အသက်သွင်းတယ်ဆိုတာက အကြမ်းဖက်စစ်ကောင်စီအဖွဲ့အစည်းဟာ တရားဝင်ပြန်ပေးဆွဲမှု၊ မတရားဖမ်းဆီးမှုတွေကို လုပ်ချင်တိုင်းလုပ်လို့ရအောင် ဖန်တီးတဲ့ ခေတ်သစ်ကျွန်စနစ်ကို အသက်သွင်းတာနဲ့ တူတယ်။ အခု အကြမ်းဖက်စစ်ကောင်စီဟာ မြန်မာနိုင်ငံမှာ တရားဝင်အဖွဲ့အစည်းမဟုတ်တဲ့အတွက် စစ်မှုမထမ်းမနေရ ဥပဒေလို တစ်နိုင်ငံလုံးနဲ့ ဆိုင်တဲ့ ဥပဒေတွေကို ရေးဆွဲခွင့်မရှိဘူး။ ဒီလိုလုပ်တာဟာလည်း တရားမဝင်ပါဘူး”ဟု ၎င်းက ရှင်းပြသည်။
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင်နေထိုင်သည့် ဒေသခံတစ်ဦးကလည်း “ရက္ခိုင့်တပ်တော်က ရခိုင်မှာ တပ်တော် စတင်ဖြစ်ပေါ်ကတည်းက အတင်းအဓမ္မ စစ်သားစုဆောင်းတာမျိုး မရှိခဲ့ဖူးဘူး။ ကျွန်တော့် သူငယ်ချင်းတွေ အားလုံးကလည်း ကိုယ့်စိတ်ဆန္ဒသဘောအရဘဲ တပ်တော်ထဲကို ဝင်ရောက်ခဲ့ကြတာ။ ဝင်သွားတဲ့သူတွေ အကုန်လုံးကလည်း ဂုဏ်ယူကြတယ်။ လူငယ်တွေအပါအဝင် ပြည်သူတွေအားလုံးအတွက် လုပ်ပေးနေတဲ့ ရက္ခိုင့်တပ်တော်က ပြည်သူတွေ အကျိုးယုတ်စေတဲ့ နည်းလမ်းတွေကို ကျင့်သုံးမှာ မဟုတ်ဘူး” ဟု ပြောသည်။
စစ်ကောင်စီက စစ်မှုထမ်းဥပဒေအား အတည်ပြုပြီးနောက် မြန်မာနိုင်ငံအနှံ့အပြားတွင်ရောက်ရှိနေသာ ရခိုင်ပြည်သူများအပါအဝင် စစ်ကောင်စီဖိနှိပ်မှုများခံနေရသော ပြည်သူများအနေဖြင့် စစ်ကောင်စီထိန်းချုပ်နယ်မြေများမှ တိမ်းရှောင်ကြရန် ရက္ခိုင့်တပ်တော် AA က ဖေဖော်ဝါရီ ၂၀ ရက်တွင် သတင်းထုတ်ပြန်ထားသည်။