ပလက်ဝဒေသ လုံခြုံရေးနှင့် တည်ငြိမ်ရေးအာမခံချက်ရရှိရန်အတွက် ပလက်ဝဒေသသည် ULA/AA ၏ ထိန်းချုပ်မှုအောက်တွင်သာ ရှိနေဦးမည်ဖြစ်ကြောင်း ရက္ခိုင့်တပ်တော် AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောသည်။
“ပလက်ဝဒေသရဲ့ လုံခြုံရေး၊ တည်ငြိမ်ရေးအာမခံချက်ရှိဖို့အတွက် ပလက်ဝဒေသဟာ ULA/AA ရဲ့ထိန်းချုပ်မှုအောက်မှာ ထပ်ပြီးတော့ရှိနေပါဦးမယ်။ ဆိုတော့ ပလက်ဝဒေသဟာ လူမျိုးပေါင်းစုံစုပေါင်းနေထိုင်ကြရတဲ့အတွက် လူမျိုးပေါင်းစုံရဲ့ လုံခြုံဖို့နဲ့ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အစီစဥ်ကောင်းတွေဆွဲပြီးတော့ အားလုံးပါဝင်တဲ့ အုပ်ချုပ်ရေးအစီအစဥ်တွေနဲ့ ကျွန်တော်တို့လုပ်ဆောင်သွားဖို့ရှိပါတယ်” ဟု မတ်လ ၄ ရက်က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဦးခိုင်သုခက ပြောဆိုခဲ့ခြင်းဖြစ်သည်။
ရက္ခိုင့်တပ်တော်အနေဖြင့် ပလက်ဝခရိုင်ကို ဒေသခံပြည်သူများလွတ်မြောက်ရေးအတွက် အသက်နှင့်ဘဝများစွာပေး၍ အရင်းအနှီးပြုကာ စစ်အာဏာရှင်လက်ထဲမှ တိုက်ခိုက်သိမ်းယူခဲ့ခြင်းဖြစ်ပြီး ချင်းပြည်၊ တပြည်လုံးလွတ်မြောက်ရေးအတွက်လည်း ချင်းပြည်ထဲရှိ မဟာမိတ်များနှင့်အတူ မိမိတို့တတ်နိုင်သလောက်ပံ့ပိုးကူညီရပ်တည်လျက်ရှိကြောင်း ၎င်းကဆက်လက်ပြောသည်။
ပလက်ဝဒေသ လုံခြုံရေးနှင့် တည်ငြိမ်ရေးအာမခံချက်ရရှိရန်အတွက် ပလက်ဝဒေသသည် ULA/AA ၏ ထိန်းချုပ်မှုအောက်တွင်သာ ရှိနေဦးမည်ဟု ရက္ခိုင့်တပ်တော်၏ ပြောဆိုချက်အပေါ် ပလက်ဝပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဆလိုင်းမျိုးထိုက်ထံ MPA က ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလိုင်းအခက်အခဲကြောင့် ဆက်သွယ်၍မရခဲ့ပါ။
“ပလက်ဝဒေသကိစ္စဟာ အငြင်းပွားစရာဖြစ်နေတဲ့ ကိစ္စရပ်တစ်ခုဖြစ်ပေမယ့် ဒီအချိန်က အငြင်းပွားရမယ့်အချိန်မဟုတ်တဲ့အတွက် အပြန်အလှန် နားလည်မှုတည်ဆောက်ပြီး ဖြေရှင်းတာက အကောင်းဆုံးဖြစ်ပါတယ်။ ပလက်ဝက ချင်းပြည်နယ်ထဲမှာ ထည့်သွင်းထားပေမယ့်လည်း ရခိုင်လူမျိုးတွေကလည်း မနည်းမနော ရှိနေတာဖြစ်ပါတယ်။ တစ်ဖက်ကလည်း ပလက်ဝကို လွတ်မြောက်အောင် လုပ်ပေးတာကလည်း ရက္ခိုင့်တပ်တော်ဖြစ်တဲ့အတွက် အုပ်ချုပ်ရေးနဲ့ ပတ်သက်လို့ရှိရင် နားလည်မှုယူပြီးတော့ ဖြေရှင်းတာ ကောင်းပါတယ်။ ပလက်ဝကို ချင်းပြည်နယ်ထဲ ထည့်မလား၊ မထည့်မလားဆိုတာကတော့ စစ်ကောင်စီပြဿနာကို ဖြေရှင်းပြီးတဲ့ နောက်မှာ အချိန်ယူလုပ်ဆောင်ရမယ့် ကိစ္စဖြစ်ပါတယ်”ဟု မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကပြောသည်။
လက်ရှိ ချင်းပြည်နယ်အတွင်းရှိ မြို့တိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ခိုင်ခိုင်မာမာနှင့် အခြေပြုရှိနေသေးသဖြင့် ပလက်ဝဒေသတစ်ခုတည်း လွတ်မြောက်ခြင်းထက် ချင်းပြည်နယ်တစ်ခုလုံးလွတ်မြောက်စေရန် ပိုမိုအာရုံစိုက်သင့်ကြောင်း ဦးခိုင်သုခက အကြံပြုပြောသည်။
ပလက်ဝဒေသရှိ စစ်ကောင်စီ၏ စခန်းများကို ရက္ခိုင့်တပ်တော်က ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၄ ရက်မှ စတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် ၃ လပြည့်သည့် ဇန်နဝါရီလ ၁၄ ရက်တွင် ယင်းဒေသတစ်ခုလုံးကို စစ်ကောင်စီကင်းစင်နယ်မြေအဖြစ် တိုက်ခိုက်နိုင်ခဲ့ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့၏ သတင်းနှင့် ပြန်ကြားရေးက ကြေညာထားသည်။