ရခိုင်တွင် စစ်ကောင်စီ၏ရေတပ်မှ ၂ ရက်ကြာ လက်နက်ကြီး လေ့ကျင့်ပစ်ခတ်မှုများ ပြုလုပ်နေကြောင်း စစ်ကောင်စီဝန်ထမ်းများနှင့် ဒေသခံများက အတည်ပြုသည်။
အဆိုပါပစ်ခတ်မှုများကို ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်ရှိ မေယုကျွန်းနှင့် နံ့သာကျွန်းတွင် ဖေဖော်ဝါရီလ ၁၆ ရက်၊ ယနေ့နံနက်မှ မနက်ဖြန် ညနေအထိ ပြုလုပ်မည်ဖြစ်သည်။
ထိုကဲ့သို့ ပစ်ခတ်မှုများ ပြုလုပ်မည်ကို ရပ်ကွက်၊ ကျေးရွာတာဝန်ရှိသူများထံသို့ ပေးပို့ညွှန်ကြားလာပြီး ထိုသူများမှတဆင့် ဒေသခံပြည်သူများကို အသိပေးပြောကြားရန် ညွှန်ကြားလာကြောင်း ဆိုသည်။
” မနေ့က အဲဒီ ညွှန်ကြားစာ ပို့ပေးလာပါတယ်။ ပြီးရင် ရွာသားတွေ၊ ငါးဖမ်းလှေတွေကို အသိပေးပြောထားရမယ်လို့ ပြောပါတယ်” ဟု ရသေ့တောင်မြို့န ယ်၊ မယူကမ်းဒေသမှ ရပ်ကျေးတာဝန်ရှိသူတစ်ဦးက MPA သို့ ပြောသည်။
စစ်ကောင်စီသည် အရေးပေါ်ကာလကို နောက်ထပ် ၆ လ သက်တမ်းတိုးပြီးနောက် ပထမဆုံးအကြိမ် ရေပြင် ပစ်ခတ်လေ့ကျင့်မှုကို ဘင်္ဂလာပင်လယ်အော် အစပ်တွင် ပြုလုပ်လာခြင်းဖြစ်သည်။
ထိုလေ့ကျင့်ပစ်ခတ်မှုသည် နိုင်ငံတကာမှ ရေကြောင်းဝင်ရောက်လာမှုအတွက် ကြိုတင် ပြင်ဆင်ခြင်းဖြစ်နိုင်ပြီး အမေရိကန်ကို အဓိကရည်ရွယ်ခြင်းဖြစ်နိုင်ကြောင်းလည်း သုံးသပ်ပြောဆိုမှုများ ရှိနေသည်။
” ဒီလေ့ကျင့်မှုနဲ့ အနီးဆုံးမှာက အမေရိကန်ရေတပ်ထိုင်ထားတဲ့ အုန်းကျွန်းရှိနေပါတယ်။ ဒီရက်ပိုင်း ထိုင်းနဲ့ အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့်ဖို့ရှိနေတော့ အမေရိကန် ရေတပ်ရန်ကို ကာကွယ်ဖို့ အဓိကရည်ရွယ်တယ်လို့ မြင်ပါတယ်” ဟု ရခိုင်အခြေစိုက် ရခိုင်အရေးစောင့်ကြည့်လေ့လာသူတစ်ဦးက ဆိုသည်။
စစ်ကောင်စီက ပင်လယ်ပြင်လုံခြုံရေးအတွက်ဟု တရားဝင်ညွှန်ကြားချက်တွင် ရေးသားဖော်ပြထားပြီး ထိုကဲ့သို့ လေ့ကျင့်ပစ်ခတ်မှုကို ပြီးခဲ့သည့် ၂၀၂၂ ကလည်း ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ဆိုကြသည်။
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ပြီးခဲ့သည့် ဇန်နဝါရီလ ဒုတိယအပတ်က ရခိုင်သို့ ရောက်ရှိလာပြီး ငပလီကမ်းခြေအနီးရှိ စစ်ကောင်စီ၏ ရေတပ်စခန်းသို့ သွားရောက်ခဲ့သည်။