ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နန့်မှော်ကျေးရွာတွင် မတ်လ ၃ ရက်၊ နံနက် ၈ နာရီအချိန်က မပေါက်ကွဲသေးသည့် ၆၀ မမလက်နက်ကြီးကျည်ကို ကျောက်ခဲဖြင့်ထုရာမှ ပေါက်ကွဲခဲ့သဖြင့် အမျိုးသားတစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
“ ဆေးကြောင်ပြီး အဲ့ဒီ့လက်နက်ကြီးကို ခဲနဲ့ ထုလိုက်တာ၊ တစ်ယောက်ကတော့ ပွဲချင်းပြီးပဲ၊ နှစ်ယောက်က ဖားကန့်ဆေးရုံကြီးမှာ တင်ထားတယ်၊ ထိထားတာ များတယ်” ဟု ဖားကန့်ဒေသခံတစ်ဦးကဆိုသည်။
အဆိုပါလက်နက်ကြီးကျည် ပေါက်ကွဲမှုကြောင့် သေဆုံးသွားသည့် အမျိုးသားမှာ နန့်မှော်ကျေးရွာတွင်နေထိုင်သည့် အသက် ၃၅ နှစ် အရွယ်ရှိ ကိုထွန်းအေးကျော်ဖြစ်ကြောင်း သိရသည်။
“ ဖားကန့်တဝိုက်မှာက တိုက်ပွဲတွေ ဖြစ်နေတာကြာပြီ၊ ကျွန်မတို့အိမ်က ကလေးတွေကိုလည်း လမ်းမှာတွေ့ရင် လျှောက်မဆော့ဖို့၊ မကိုင်ဖို့ပြောနေရတယ်။ အခုရက်ပိုင်းထဲ ဖားကန့်မှာ လက်နက်ကြီးထိကြတာက ခပ်စိပ်စိပ် ဖြစ်နေတာ” ဟု ဖားကန့်မြို့တွင်နေထိုင်သည့် အမျိုးသမီးတစ်ဦးက ဆိုသည်။
လက်ရှိတွင် ဖားကန့်မြို့အနီးတဝိုက်တွင် စစ်ကောင်စီနှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ကြား စစ်ရေးပြင်းထန်လျက်ရှိပြီး၊ လက်နက်ကြီးကျရောက် ပေါက်ကွဲမှုများလည်းဖြစ်ပေါ်နေကြောင်း ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် မတ်လ ၁ ရက်ကလည်း ဆိုင်းတောင်(ဆိပ်မူ)ကျေးရွာရှိ ကျောက်ဝိုင်းအတွင်းသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့သဖြင့် အရပ်သားသုံးဦး ဒဏ်ရာရရှိခဲ့သေးသည်။