စစ်ကောင်စီက ပြဋ္ဌာန်းလိုက်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် မြန်မာနိုင်ငံ၏ ကဏ္ဍအသီးသီးတွင် လိုအပ်နေသော လူသားအရင်းအမြစ်များစွာ ပျက်စီးဆုံးရှုံးပြီး ပိုမိုဆိုးရွားသောအခြေအနေသို့ ဦးတည်လာနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက သုံးသပ်နေကြသည်။
မြန်မာနိုင်ငံသည် ကိုဗစ်ကာလအလွန်တွင် စစ်တပ်အာဏာသိမ်းမှုကြောင့် အဘက်ဘက်မှ ဆုတ်ယုတ်ပျက်စီးမှုများကို ၅ နှစ်ဆက်တိုက် ရင်ဆိုင်ကြုံတွေ့နေရပြီး နိုင်ငံလူဦးရေ၏ ထက်ဝက်ခန့်သည် လက်ရှိအချိန်တွင် စားနပ်ရိက္ခာမလုံလောက်မှုအန္တရာယ်ကို ရင်ဆိုင်နေရသည်။
“ အသက် ၁၈ ကနေ ၃၅ နှစ်ဆိုတာတကယ်အကောင်းဆုံး အလုပ်လုပ်နိုင်တဲ့ production အတွက်၊ စီးပွားရေးအတွက်၊ တခြားလူမှုရေးကဏ္ဍအတွက်၊ လူမှုအသိုင်းအဝိုင်း၊ ပြန်လည်တည်ဆောက်ဖို့အတွက် တကယ့်ကိုလိုအပ်တဲ့ လူမှုကဏ္ဍကြီးတစ်ခုလုံးကို ဒီလိုမျိုး စစ်ထဲကိုထည့်လိုက်မယ်ဆိုရင် ဒါဟာ လူ့အရင်းအမြစ်ကို ဖြုန်းတီးတဲ့သဘောရောက်သွားမလား၊ နောက်ပြီး ဒီထက်ပိုပြီးတော့ ဆိုးရွားတဲ့ စီးပွားရေး၊ ပျက်စီးမှုတွေကို ဖန်တီးဖို့ဖြစ်မလားဆိုတဲ့ စိုးရိမ်စရာကိစ္စတွေ ရှိတယ်” ဟု နိုင်ငံရေး၊ စစ်ရေးလေ့လာသုံးသပ်သူ ဦးစိုင်းကြည်ဇင်စိုးက ဆိုသည်။
ထိုကဲ့သို့ အရင်းအမြစ်ဆုံးရှုံးလျော့နည်းသွားနိုင်သည့် အန္တရာယ်သာမက တစ်ဖက်တွင်လည်း စစ်တပ်အင်အားပိုမိုကြီးထွားလာပြီး စစ်ရာဇဝတ်မှုများကို ပိုမိုကျယ်ပြန့်စွာ လုပ်ဆောင်လာမည်ကိုလည်း စိုးရိမ်ရကြောင်း ၎င်းက ဆက်လက်ပြောသည်။
“ လက်ရှိစစ်တပ်က လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ လူသားပေါ်မှာကျူးလွန်တဲ့ရာဇဝတ်မှုတွေ တောက်လျှောက်ကျူးလွန်နေတဲ့ဟာက အဲ့ဒီလိုမျိုး အင်အားချဲ့ထွင်မှုလုပ်လာတဲ့အတွက်ကြောင့်မလို့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ရာဇဝတ်မှုတွေ ပိုပြီးတော့ ကျယ်ပြန့်သွားမလားဆိုတဲ့ဟာမျိုး စိုးရိမ်စရာရှိတယ်” ဟု ၎င်းက သုံးသပ်ပြောသည်။
အဆိုပါ ဥပဒေမူကြမ်းမှာ မူလတိုင်းရင်းသားအချင်းချင်းစည်းလုံးညီညွတ်ရေး၊ စစ်တပ်နှင့် အရပ်ဘက် ကောင်းမွန်သောဆက်ဆံရေးဖြစ်ထွန်းရန်ကို ရည်ရွယ်ပြီးရေးသားထားခဲ့ခြင်းဖြစ်သော်လည်း ယခုကဲ့သို့ ပဋိပက္ခဖြစ်ပွားနေချိန်တွင် အတည်ပြုပြဋ္ဌာန်းလိုက်ခြင်းကြောင့် စစ်တပ်အာဏာတည်မြဲရေးအတွက်သာလျှင် ပိုမိုအထောက်အပံ့ဖြစ်သွားနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ဆိုသည်။
” ဒီမူကြမ်းက ၂၀၁၀ မှာတုန်းကကျ ဒီမိုကရေစီပြောင်းလဲမှု၊ အသွင်ကူးပြောင်းမှုနဲ့ စစ်တပ်နဲ့အရပ်ဘက် ရင်ကြားစေ့ရေးဆိုတဲ့ ခေါင်းစဥ်အောက်မှာ စဥ်းစားပြီးတော့ ပြည်သူ၊ ပြည်သားအချင်းချင်းမှာ စည်းလုံးညီညွတ်မှုရနိုင်ဖို့အတွက် စဥ်းစားမှုပါခဲ့တာပေါ့။ ဒီနေ့၊ ဒီအချိန်မှာတော့ အဲ့ဒီလိုမျိုး ရည်ရွယ်တာထက် သူ့ရဲ့ အာဏာတည်မြဲရေးဆိုတဲ့ စဥ်းစားမှုအထိုင်ကနေ စဥ်းစားပြီးတော့ လုပ်ဆောင်တယ်လို့ ယူဆလို့ရတယ်” ဟု ၎င်းကဆက်လက်ပြောသည်။
စစ်ကောင်စီက အတည်ပြုပြဋ္ဌာန်းလိုက်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို မြို့နေပြည်သူများအနေဖြင့် အပြင်းအထန် ဝေဖန်ကန့်ကွက်နေကြပြီး စစ်တပ်ထဲ မဝင်ရရန် နည်းလမ်းများရှာကြံနေကြကြောင်း ရန်ကုန်မြို့နေပြည်သူတစ်ဦးကဆိုသည်။
“ လုံးဝလက်သင့်မခံနိုင်လို့ လုံးဝကန့်ကွက်ပါတယ်။ ကိုယ်တိုင်လည်း နည်းလမ်းရှာကြံပြီး ရုန်းထွက်ပါ့မယ်။ အန်တီလေးတို့ အရွယ်လောက်တော့ မခေါ်နိုင်လောက်တော့ပေမယ့် ကိုယ့်သွေးသားထဲက မဖြစ်မနေခေါ်လာနိုင်တယ်။ လူငယ်တွေဆိုရင်တော့ နိုင်ငံရပ်ခြားပို့ပြီးရှောင်ခိုင်းမယ်။ နည်းလမ်းတစ်ခုခုတော့ ရွေးချယ်မယ်။ စစ်မှုထမ်းဖို့တော့ လုံးဝမလုပ်နိုင်ဘူးလေ။ နိုင်ငံကြီးတွေမှာ စစ်မူ့မထမ်းမနေရ အမိန့်က ၁၈ နှစ်ပြည့်သူတိုင်း ထမ်းဆောင်ရမယ်လို့ ထုတ်ထားတာက ပြည်သူအပေါ် အကြမ်းမဖက်ဘူး။ ပြည်သူကလည်း ကျေပွန်စွာ တာဝန်ထမ်းဆောင်နိုင်တယ်။ မြန်မာပြည်မှာက ဒီလိုမဟုတ်ဘူးလေ။ ယုတ်မာတယ်ဆိုတာ လူတိုင်းသိနေတာပါ” ဟု ရန်ကုန်မြို့တွင်နေထိုင်သည့် အမျိုးသမီးတစ်ဦးကပြောသည်။
အဆိုပါဥပဒေအရ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများနှင့် အသက် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း အမျိုးသမီးများ စစ်မှုထမ်းရမည်ဖြစ်ပြီး ပျက်ကွက်ပါက ထောင်ဒဏ် ၅ နှစ်အထိ အရေးယူသွားမည်ဟု ဆိုထားသည်။