စစ်ကောင်စီသည် ယခုနှစ်အတွင်း အရပ်သားပြည်သူများအပေါ် ညှဉ်းပင်းနှိပ်စက်မှု ပိုမိုပြုလုပ်လာကြောင်း စက်တင်ဘာလ ၁၈ရက်နေ့က ပြုလုပ်သည့် “ညှဉ်းပန်း နှိပ်စက်ခွင့်လိုင်စင်” အစီရင်ခံစာနှင့် ပတ်သက်သော သတင်းစာရှင်းပွဲတွင် ညီမျှခြင်းမြန်မာမှ မခင်ငြိမ်းသစ်က ပြောသည်။
“ညီမျှခြင်းမြန်မာအနေနဲ့ စုဆောင်းရရှိထားတဲ့ စားရင်းတွေအရ ၂၀၂၁ခုနှစ်မှာ ၅၄မှု၊ ၂၀၂၂မှာ ၉၅မှု၊ ၂၀၂၃နှစ်ဝက်မှာ ၁၁၈ခုအထိရှိပါတယ်။ ၂၀၂၁နဲ့ ၂၀၂၂တွေထက် ၂၀၂၃မှာ အများကြီးကျော်တက်သွားတယ်။ မြေပြင်မှာတော့ ဒီထက်မက ပိုများနိုင်ပါတယ်”ဟု ညီမျှခြင်းမြန်မာ၏ Data Collaborator ဖြစ်သူ မခင်ငြိမ်းသစ်က ပြောသည်။
ညီမျှခြင်း မြန်မာမှ စုဆောင်းထားသော စာရင်းများအရ စစ်ကောင်စီ၏ ညှဉ်းပန်းနှိပ်စက်မှု ကျူးလွန်ခံရသူများထဲတွင် အမျိုးသားများ အများဆုံးဖြစ်ကာ လူဦးရေ ၆၅၄ ယောက်ထိ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရကြောင်း “ညှဉ်းပန်း နှိပ်စက်ခွင့်လိုင်စင်” အစီရင်ခံစာတွင် ဖော်ပြထားသည်။
ထို့ပြင် ဖမ်းဆီးခံရသူများအနေဖြင့် စစ်ကြောရေးများတွင် နည်းလမ်းပေါင်းစုံနှင့် ညှဉ်းပန်းနှိပ်စက်ခံရကြောင်း၊ အမျိုးသမီးများအနေဖြင့် ထိကပါးရိကပါး ဆက်ဆံခံရခြင်း၊ အုပ်စုလိုက် အဓမ္မပြုကျင့်ခံရသည့် ဖြစ်ရပ်များနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း သိရသည်။
“တစ်ခုက ဘယ်သူမှ အကျဉ်းထောင်တွေထဲ မရောက်ချင်ကြဘူး။ ဒါပေမဲ့ ညှဉ်းပန်းနှိပ်စက်ခံရပြီး စစ်ကြောရေးမှာ အရိုက်ခံရတဲ့လူတွေသည် ထောင်ထဲရောက်သွားတဲ့ အချိန်မှာမှ နည်းနည်းလေး ပြန်ဖြေသာတယ်ပေါ့နော်။ နှိပ်စက်ခံရတဲ့ အရမ်းအလွန်အကျွံခံရတဲ့ဟာမျိုးတွေက ထောင်ထဲ ရောက်မှသာ နည်းနည်းလေး ပြန်သက်သာတာပေါ့။ အထူးသဖြင့် အုပ်စုဖွဲ့ အဓမ္မကျင့်တာမျိုးတွေ၊ အမျိုးသမီးတွေနဲ့ LGBT အပေါ်မှာ ဖြစ်တာတွေ၊ နောက် ရိုက်နှက် နှိပ်စက်မှုတွေပေါ့နော်။ နောက်ပိုင်းမှာ ကျနော်တို့ တွေ့လာရတာက လိင်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး အမျိုးသမီး၊ LGBT သာမက အမျိုးသားတွေကိုယ်တိုင်တောင် လိင်နဲ့ပတ်သက်တာတွေ ချိုးဖောက်ခံရတာတွေလည်း လက်နက်တစ်ခု လိုသုံးတာ တွေ့ရတယ်”ဟု ညီမျှခြင်းမြန်မာ၏ အချက်အလတ်ရှာဖွေသူ ကိုပြည်သစ်က ပြောသည်။
“ညှဉ်းပန်း နှိပ်စက်ခွင့်လိုင်စင်” အစီရင်ခံစာ”သည် စစ်ကြောရေးစခန်းများ၊ ရဲစခန်းများ၊ အကျဉ်းထောင်များနှင့် လက်နက်ကိုင်တိုက်ပွဲဖြစ်ပွားသည့် ဒေသများ၌ စစ်ကောင်စီ၏ ဆိုးဝါးပြီး လူမဆန်သော ဆက်ဆံမှု၊အပြစ်ပေးမှု နှင့်ပတ်သက်သည့် ညှဉ်းပင်းနှိပ်စက်မှု အခြေအနေအဖြစ်အပျက် ၂၀၀ကျော်အား ကောက်ယူဖော်ပြထားခြင်းဖြစ် ကြောင်း သိရသည်။
ထိုကဲ့သို့ ကျူးလွန်ခံရသူများအတွက် တရားမျှတမှု ရရှိရန် ကုလသမဂ္ဂ၊ အာဆီယံနှင့် အမျိုးသားညီညွှတ် ရေးအစိုးရတို့ကိုလည်း ညီမျှခြင်းမြန်မာမှ “ညှဉ်းပန်း နှိပ်စက်ခွင့်လိုင်စင်” အစီရင်ခံစာတွင် အကြံပြုတိုက်တွန်းချက် များ ထည့်သွင်းထားသည့်အပြင် မြန်မာနိုင်ငံ၏ အခြေအနေများကိုလည်း နိုင်ငံတကာရာဇဝတ်တရားရုံး (ICC)သို့ လွှဲပြောင်းပေးအပ်ရန်လည်း ကုလသမဂ္ဂထံသို့ အကြုံပြုတိုက်တွန်းထားသည်။