မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်သည် လေးနှစ်အတွင်း သူ၏ ပထမဆုံး ပြည်ပခရီးစဉ်ကို ရုရှားနိုင်ငံနှင့် စတင်လိုက်သည်။ ရုရှား-ယူကရိန်း စစ်ပွဲသည် အချိန်ကာလအားဖြင့် တစ်နှစ်ခွဲကျော်လာသည်နှင့်အမျှ ရေရှည်တွင် အင်အားကြီး ရုရှားနိုင်ငံသည် လက်နက်ခဲယမ်းလိုအပ်မှုအတွက် စဉ်းစားရကျပ်လာခဲ့သည်။ ထိုအချိန်တွင် နိုင်ငံတကာ၏ ဖိအားပေးမှုများရှိနေသည့်ကြားမှ ရုရှားအတွက် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်က မိတ်ဆွေကြီးအဖြစ် ဆက်လက်ရှိနေကြောင်း အချိန်ကိုက် လူလုံးထွက်ပြလာသည်။
လက်ရှိတွင် ရုရှားကို ကင်ဂျုံအမ် ရောက်ရှိလာခြင်းနှင့် ပတ်သက်၍ အထင်အမျိုးမျိုးရှိနေပြီး အမေရိကန်ပြည်ထောင်စုဘက်က ကင်၏ ခရီးစဉ်ကို လက်နက်ခဲယမ်း သဘောတူညီမှု လုပ်ရန် ခရီးစဉ်တစ်ခုအဖြစ် ရှုမြင်ထားသည်။ ကနဦးမှာလည်း ယင်းနှင့် ပတ်သက်၍ အိမ်ဖြူတော်က ပြုံယမ်းကို အကြိမ်ကြိမ် သတိပေးမှုလည်း ရှိထားသည်။
ကင်ဂျုံအမ်သည် ဇိမ်ခံအထူးကျည်ကာရထားဖြင့် ဒေသစံတော်ချိန် အင်္ဂါနေ့နံနက်တွင် ရုရှားနိုင်ငံသို့ ဝင်ရောက်ခဲ့ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးပြောကြားထားပြီး ၎င်း၏ ခရီးစဉ်ကို နိုင်ငံတကာကလည်း စောင့်ကြည့်နေခဲ့သည်။ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနဘက်က လက်ရှိတွင် လက်နက်ကုန်သွယ်ရေးနှင့် နည်းပညာ လွှဲပြောင်းရေး ကိစ္စများ ရှိ၊ မရှိကို အနီးကပ်စောင့်ကြည့်နေသည်ဟု အသိပေးထားသည်။
မကြာသေးခင်ကာလကလည်း ရုရှားအနေဖြင့် အဆင့်မြင့်လက်နက်သစ်များကို ဖန်တီးနေကြောင်း ရုရှား သမ္မတ ပူတင်ဘက်၏ အသိပေးမှုကို ရုရှားနိုင်ငံပိုင် သတင်းဌာနတစ်ခုက ဖော်ပြထားသည်။ ယခု ကင်ဂျုံအမ်၏ ခရီးစဉ်သည် ရုရှားသမ္မတ ပူတင်၏ ဖိတ်ကြားချက်ကြောင့် ဖြစ်လာသည်ဟု နိုင်ငံတကာသတင်းဌာနများက ဖော်ပြထားပြီး ၎င်းတို့နှစ်ဦး သီးသန့်တွေ့ဆုံမှုများ ပါဝင်သည်ဟုလည်း ဖော်ပြကြသည်။ နိုင်ငံတကာသုံးသပ်သူအချို့က ၎င်းတို့နှစ်ဦးတွေ့ဆုံမှုကို စိုးရိမ်နေကြပြီး ယူကရိန်းစစ်ပွဲအတွက် ရုရှားကို မြောက်ကိုရီးယားဘက်မှ လက်နက်ထောင်ပံ့မှုများ ပြုလုပ်မည်ကို ထောက်ပြနေကြသည်။
ဘိုင်ဒမ် အစိုးရက ပူတင်နှင့် ကင်တို့၏ တွေ့ဆုံမှုကို စောင့်ကြည့်နေမည်ဖြစ်ပြီး ရုရှား၏ စစ်ပွဲအတွက် ကြိုးပမ်းအားထုတ်မှုအား ထောက်ပံ့ပေးသည့် မည်သည့် အဖွဲ့အစည်းများအပေါ် အမေရိကန်ဘက်က ဒဏ်ခတ်ပိတ်ဆို့မှုများကို ဆက်လက် ကျင့်သုံးမည်ဖြစ်ပြီး ပိတ်ဆို့မှုအသစ်များ ချမှတ်ရန်လည်း တွန့်ဆုတ်နေမည်မဟုတ်ကြောင်း အသိပေးမှုများရှိနေသည်။
ကင်ဂျုံအမ်သည် အမေရိကန်၏ ဖိအားပေးမှုများရှိနေသည့်ကြားက ၎င်း၏ နျူကလီးယားလက်နက်နှင့် ပဲ့ထိန်းဒုံးကျည် အစီအစဉ်များကို အဆက်မပြတ် စမ်းသပ်ထုတ်လုပ်ခဲ့သည်။ မြောက်ကိုရီယားနိုင်ငံသည် စစ်ရေးအတွက် ဘက်ဂျက်များ အသုံးပြုနေသော်လည်း တစ်ဘက်တွင် နိုင်ငံအတွင်း ကိုဗစ်ကာလက ဆုံးရှုံးမှုများနှင့် အစာရေစာရှားပါးမှု ပြဿနာများက ကင်ဂျုံအမ်ကို ခေါင်းခဲစေရသည်။ နိုင်ငံသုံးသပ်သူများက ရုရှားသည် ယင်းအခွင့်အရေးကို လက်လွှတ်အဆုံးရှုံးမခံဘဲ နည်းပညာနှင့် စားနပ်ရိက္ခာကို အကူအညီပေးပြီး လက်နက်ခဲယမ်းကို ပြန်လည် ရယူရန် ရှိနေပုံပေါ်သည်ဟု သုံးသပ်ကြသည်။
လတ်တလောတွင် မြောက်ကိုရီးယား၏ အခိုင်မာဆုံး မဟာမိတ်ဖြစ်သည့် တရုတ်နိုင်ငံက ခေါင်းဆောင်ကင်၏ ခရီးစဉ်အတွက် တုံ့ပြန်ပြောကြားမှုများ မရှိသေးဘဲ ငြိမ်သက်လျက်ရှိသည်။ သို့သော်လည်း ရုရှား-မြောက်ကိုရီးယား ခေါင်းဆောင်နှစ်ဦး တွေ့ဆုံမှုသည် နည်းပညာ၊ လက်နက်ခဲယမ်းအပေးအယူ၊ စားနပ်ရိက္ခာထောက်ပံ့မှုများကို အခြေခံနေပြီး ရုရှား-ယူကရိန်း စစ်ပွဲအပေါ် ပိုမိုသက်ရောက်လာမည်ကို နိုင်ငံတကာအရေး သုံးသပ်သူများက စိုးရိမ်နေကြခြင်းဖြစ်သည်။