၂၁၀၀ ပြည့်နှစ်တွင် ကမ္ဘာကြီးသည် အပူချိန် ၂.၅ ဒီဂရီ ဆဲလ်စီးယပ်စ် တိုးလာမည်ဟု ကမ္ဘာ့ကုလသမဂ္ဂက ခန့်မှန်းထားသည်။ ယခုမှ စရေတွက်လျှင် နှစ်ပေါင်း ၇၀ ကျော် အနာဂတ် အချိန်ကာလတစ်ခုကို သိလိုက်ရသည်မှာ ဝေးသလိုဖြစ်နေလိမ့်မည်ဟု ဆိုသာသော်လည်း ကာလယန္တယားတို့သည်ကား တိုက်စားလျက်ရှိနေသည်။
လူတို့သည် ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်ကို ကောင်းစွာ သိရှိထားသော်လည်း ထိုဘက်သို့ လှည့်ရန် ထမင်းနပ်မှန်ရန် အရေးလောက် စိတ်မဝင်စားနိုင်ဖြစ်နေကြသည်။ ရာသီဥတုသည် လူသားတို့နှင့်အတူ ဒွန်တွဲပြီး ရှိလာသည်မှာ လွန်စွာကြာညောင်းခဲ့ပြီဖြစ်သည်။
ယခင်က သဘာဝတရား၏ လည်ပတ်နေမှုတို့သည် လူသားတို့အကျိုးအတွက် ကောင်းမွန်ခဲ့သည်။ သို့သော်လည်း လူတို့၏ ရှာဖွေတွေ့ရှိမှုနှင့် ထီထွင်ကြံဆမှုများကြောင့်ဖြစ်လာသည့် အကျိုးဆက်တို့သည် ရာသီဥတုကို ထိခိုက်စေခဲ့ပါသည်။ တစ်ဘက်တွင် လူသားအကျိုးအတွက် တိုးတက်မှုရှိသော်လည်း သဘာဝတရားအတွက် အကျိုးမှာမူ တဖြည်းဖြည်း ပျက်စီးစေခဲ့ရသည်။
လူတို့ မလုပ်သည့် သဘာဝတရားအတိုင်းဖြစ်တည်နေသော ရာသီဥတုကို မိတ်ဆွေတစ်ဦးကဲ့သို့ မြင်ကြည့်လျှင် သိသာစေနိုင်ပါသည်။ ထိုမိတ်ဆွေသည် လူတို့အပေါ်တွင် သဘာဝတရားက ပေးထားသည့် စွမ်းအားများဖြင့် အကျိုးပြုခဲ့သည်။ စားသောက်နေထိုင်စရာတွေအတွက် ရာသီအလိုက် ဖန်တီးမှုများ ပြုလုပ်ပေးနိုင်သလို၊ ကမ္ဘာမြေတွင် လူသားတို့ လိုက်လျောညီထွေရှိစွာဖြင့် နေထိုင်နိုင်အောင် စွမ်းဆောင်ပေးခဲ့သည်။
ထိုကဲ့သို့ အနီးဆုံး မိတ်ဆွေ၏ အကျိုးပြုမှုတို့ကို လူသားတို့အနေဖြင့် ဂရုမပြုခဲ့ဘဲ ထိုမိတ်ဆွေထံရှိနေသည့် စွမ်းအင်တို့ကိုပါ ဖျက်ဆီး ပစ်လိုက်ကြသည်။ အချိန်ကာလတစ်ခုသို့ ရောက်လာကြသည့်အခါ မိတ်ဆွေကြီးလည်း နာမကျန်းဖြစ်လာခဲ့တော့သည်။ လူတို့သည် ယင်းအခြေအနေကို မထိမဲ့မြင်ပြုရင်းသာ ဖြတ်သန်းခဲ့ပါသည်။
လက်ရှိအချိန်အထိပင် လူတို့သည် ၎င်းတို့အတ္တများဖြင့်သာ ဆက်လက် လျှောက်လှမ်းနေကြပါသည်။ ၎င်းတို့နေထိုင်ရာ ဒေသတွင်းမတည်ငြိမ်မှုများနှင့်အတူ ပထဝီနိုင်ငံရေးတင်းမာမှုများ စသည့် စသည့် ပြိုင်ဆိုင်မှုများဖြင့် ရှိနေသည်။ သဘာဝတရားကြီးကြောင့် ဖြစ်လာမည့် ဘေးအန္တရာယ်တို့ကို နိုင်ငံနှင့်ချီပြီး ကြိုတင်ပြင်ဆင်မှုများ အသိပညာပေးမှုများအပြင် ဘက်ဂျက်တစ်ခုအနေဖြင့် ပြုလုပ်နေကြသော်လည်း သဘာဝတရားကြီးအပေါ်တွင် “အနာပေးလိုက် ဆေးပေးလိုက်”ထက် မပိုခဲ့ပါ။
ယခုတော့ ရာသီဥတုက အပြောင်းလဲကြီး ပြောင်းလဲလာပြီဖြစ်သည်။ လူတို့ကို ပြန်လည်ပြီး ပိုမို စိမ်းကားတော့မည် အခြေအနေသို့လည်း ရောက်ရှိနေပြီဖြစ်သည်။ ကမ္ဘာကြီးပူနွေးလာမှု၏ ဆိုးကျိုးများသည် အနာဂတ်ကမ္ဘာကို ကောင်းကောင်းကြီး ထိုးနှက်တော့မည်ဖြစ်သည်။ မြင့်မားသော ကမ္ဘာ့အပူချိန်တို့သည် လူသားတို့ကို ဒုက္ခပေးနိုင်ပြီး မြေယာထုတ်လုပ်မှုကို လျော့ကျစေသလို နိုင်ငံအများအပြားရှိ အစားအစာထုတ်လုပ်မှုကို အန္တရာယ်ဖြစ်စေပါသည်။
တည်ငြိမ်မှုမရှိသည့် မိုးရွာသွန်းမှုနှင့် ပြင်းထန်သော ရာသီဥတု ဖြစ်စဉ်များသည်လည်း ကြီးမားသော ပျက်စီးဆုံးရှုံးမှုများကို ဖြစ်ပေါ်စေပါသည်။ ဝင်ရိုးစွန်းရေခဲပြင်များနှင့် ဟိမဝန္တာရေခဲပြင်များ အရှိန်အဟုန်ဖြင့် အရည်ပျော်ခြင်းသည် ၂၁၀၀ ပြည့်နှစ်တွင် ခန့်မှန်းခြေ ၀.၄၄ မှ ၀.၇၆ မီတာအထိ ကမ္ဘာ့ပင်လယ်ရေမျက်နှာပြင် မြင့်တက်ခြင်းကို ဖြစ်စေနိုင်မည်ဟု သိပ္ပံပညာရှင်များက ခန့်မှန်းမှုများ ပြုလုပ်ကာ သတိပေးထားသည်။ ထိုသို့ ကိန်းဂဏန်းများဖြင့် အသိပေးထားသော်လည်း ပိုမိုသည့် မြင့်တက်မှုများလည်း ရှိနိုင်သည်ဟု တစပ်တည်း ခန့်မှန်းထားကြသည်။ ထိုသို့ ခန့်မှန်းမှုများအတိုင်း ၂၁၀၀ ပြည့်နှစ်တွင် ဖြစ်လာလျှင် ပစိဖိတ်နှင့် အိန္ဒိယသမုဒ္ဒရာများရှိ ကျွန်းနိုင်ငံငယ်များသည် အများစု သို့မဟုတ် လုံးလုံးမြုပ်သွားကြမည်ဟု ဆိုသည်။
ထို့အပြင် ယခုထက်စာလျှင် ကြီးမားသော ဧရိယာများ၊ မြေအချိုးအစားများ ပိုမိုခြောက်သွေ့လာကြမည်ဖြစ်သလို အဆက်မပြတ်မိုးခေါင်ရေရှားမှုအဖြစ် ၂၀၅၀ ခုနှစ်တွင် ၂ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိ တိုးလာမည်ဟုမျှော်လင့်ထားကြသည်။ တစ်ချိန်တည်းတွင်လည်း အလွန်အမင်း မိုးခေါင်ရေရှားမှု ခံစားရသည့် မြေအချိုးအစား တိုးလာမည်ဖြစ်ကြောင်း ခန့်မှန်းထားသည်ဟု ပညာရှင်များက ဆိုပြန်သည်။ ထိုအခြေအနေများကြောင့်ပင် ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ သိပ္ပံပညာရှင်များက လာမည့် ၂၀၅၀ ခုနှစ်တွင် ရာသီဥတု ပြောင်းလဲခြင်းကြောင့် ကမ္ဘာတဝန်း ရွှေ့ပြောင်းနေထိုင်သူ သန်း ၂၀၀ အထိ ရှိလာမည်ဟု ခန့်မှန်းထားကြသည်။
ကျန်ခဲ့သည့် နှစ်ငါးဆယ်ခန့်ကို ပြန်သွားကြည့်မည်ဆိုလျှင်လည်း ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝ ဘေးအန္တရာယ်များကြောင့် ပျက်စီးဆုံးရှုံးမှုဒဏ်ကို ခံစားကြရသည်မှာ ဖွံ့ဖြိုးဆဲနိုင်ငံများသာ ပိုမို အဖြစ်များခဲ့သည်ကို ကုလသမဂ္ဂ၏ စစ်တမ်းအချို့အရ သိရှိရသည်။ ဆင်းရဲသော နိုင်ငံများ အနေဖြင့် ရာသီဥတုကြောင့်ဖြစ်လာသည့် ဘေးဒဏ်တွေကို အချိုးမညီမျှစွာဖြင့် ခံစားခဲ့ရသည်။
ယင်းသို့သော အတောအတွင်း ကမ္ဘာတစ်ဝန်းတွင် ရာသီဥတု အခြေအနေကြောင့် ဖြစ်ပေါ်လာသည့် ဘေးအန္တရာယ်ပေါင်း ၁၁,၀၀၀ ကျော်ရှိသည့်အနက်မှ သေဆုံးသူ နှစ်သန်းကျော်နှင့် ဆုံးရှုံးမှုတန်ဖိုးမှာ ကန်ဒေါ်လာ ၃.၆၄ ထရီလီယံဖြစ်သည်။ သေဆုံးမှု၏ ၉၁ ရာခိုင်နှုန်းကျော်သည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
လူသားများအနေဖြင့် ပျက်စီးဆုံးရှုံးနှင့် ဘေးဒဏ်များကို ခံနေရသလို တစ်ဘက်တွင်လည်း ကမ္ဘာ့တောရိုင်းတိရိစ္ဆာန် အရေအတွက်သည် ၁၉၇၀ ပြည့်နှစ်မှ ၂၀၁၈ ခုနှစ်အတွင်း ပျမ်းမျှ ၆၉ ရာခိုင်နှုန်း ကျဆင်းသွားသည်ဟု ကမ္ဘာ့ထိပ်တန်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့အစည်း (WWF) ၏ အစီရင်ခံစာတစ်ခုက အသိပေးထားသည်။ ထိုအခြေအနေများသည် ရာသီဥတု ဖောက်ပြန်မှုနှင့် အခြားသော လူသားများ၏ လုပ်ဆောင်မှုများကြောင့် ဖြစ်ပေါ်ခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။
ပါရီသဘောတူညီချက်တွင် ကမ္ဘာ့အပူချိန် ၁.၅ ထက်မကျော်စေရန်တားဆီးပြီး ဖန်လုံအိမ်အာနိသင် လျှော့ချရေးအစီအစဉ်များ ပါရှိထားသော်လည်း တိုးတက်သည့် အခြေအနေများ မရှိသည့်အတွက် သဘောတူညီအချက်များအပေါ် ရာသီဥတုအရေး တက်ကြွလှုပ်ရှားသူများအကြား မေးခွန်းထုတ်မှုများရှိနေသည်။
မည်သို့ပင်ဆိုစေ ၂၁၀၀ ပြည့်နှစ်သို့ ရောက်ရန်ပင် တချို့တချို့သော လူသားတို့ မရှိကြတော့ပြီဖြစ်သည်။ ယခုစာကို ဖတ်နေသူများလည်း ရှိနိုင်မည်မထင်တော့။ သို့သော်လည်း ၂၁၀၀ ပြည့်နှစ် ဝန်းကျင်သို့ မရောက်ရှိသေးခင် ဆက်ကြားမှာပင် ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်များကြောင့် လူသားတို့ ဘေးအန္တရာယ်များ ကြုံကြရဦးမည်ထင်သည်။ လူသားတို့၏ အတ္တရေစီးတွင်ပင် ရာသီဥတု ပြောင်းလဲမှု ဖြစ်စဉ်များက စီးမျောရင်း လူသားတို့အပေါ် ပိုမိုသော စိမ်းကားမှုများနှင့် ဆက်ဆံတော့မည်လားဆိုသည်မှာ မတွေးရဲစရာပင် ဖြစ်နေတော့သည်။