By MPA / BCM [ Let’sTelltheTruthtoGetJustice ]
ကျနော့ နာမည် က xxx ပါ။ ရာထူးကတော့ တပ်သား။ တပ်သားအဆင့်တပ်က xxx စခန်း ဌာနချုပ်က တပ်သားတဦးပါ ။တပ်မတော် အခြေပြုပေါ့ ။
ကျနော်က ၂၀၁၈ ခုနှစ်မှဝင်တာ။ တပ်ထဲမဝင်ခင် နိုင်ငံခြားမှာ နေခဲ့သေးတယ်။ မလေးရှားမှာ အလုပ်သွားလုပ်တာ ။ NLD အစိုးရတက်တော့ ဝမ်းသာတယ်၊ ခေတ်က နည်းနည်း ပြောင်းနေပြီပေါ့၊ ခေတ်ပြောင်းနေပြီဆိုတော့ စစ်တပ်ကလဲ စစ်တပ် အလုပ်လုပ်မယ် အစိုးရကလဲ အစိုးရအပိုင်းပေါ့၊ မြန်မာပြည်မှာ အဲ့ဒီလို ဖြစ်နေပြီလေ။ ဒီမိုကရေစီ ဖြစ်နေပြီဆိုတော့ အဲ့ဒီလို အထင်နဲ့ နိုင်ငံခြားမှာနေတုန်းက ခံစားမိတာ။ အဲဒါနဲ့ ကျနော့် အမေဆုံးတော့ မြန်မာပြည်ကို ပြန်လာတယ်။
ပြန်ရောက်တော့ ကံကလဲ ဆိုးချင်တော့ စုဆောင်းရေး ဆရာနဲ့ သွားတွေ့တယ်။ သူက စုဆောင်းရေးဆရာမှန်း မသိဘူး။ စစ်သား စစ်တပ်ကပေါ့။ စုဆောင်းရေးဆရာက တခြားမဟုတ်ဘူး။ xx မှာ ကျနော်တို့နေတဲ့ အိမ်ရဲ့ဘေးက အစ်မတယောက်ရဲ့မောင်၊ သူက စစ်တပ်က လေတပ်ထဲက။ အဲဒီတုန်းက ကျနော်က နိုင်ငံခြားက ပြန်ရောက်ရောက်ချင်း အပြင်အလုပ်ကလဲ မလုပ်ချင်တော့ အဲ့ဒီအချိန်မှာ ကျနော့ အသက်ကလဲ ၃၀ ဖြစ်နေပြီ။ အဲဒါနဲ့ သူက မောင်လေးတဲ့… ဌာန ဆိုင်ရာ ဝန်ထမ်းတွေတော့ လျှောက်လို့ရမှာ မဟုတ်တော့ဘူး၊ သူ့မောင်ရှိတယ် သူ့မောင်က လေတပ်ထဲမှာ၊ လျှောက်ကြည့်ပါလား၊ တလကို လစာ ၂သိန်း ရတယ်တဲ့။ ၂သိန်းဆိုတော့ ဝမ်းသာသွားတာ မဆိုးဘူးပေါ့။ ကိုယ်ကလဲ ဝင်မယ်လို့တော့ မပြောသေးဘူး၊ တချက်လောက် စကားပြောကြည့်ချင်သေးတယ် ဆိုတာနဲ့ ပြောကြည့်တော့ အဲ့ဒီမှာ အဆက်အသွယ် ရသွားတယ်။
ပြောချင်တာက သူက လေတပ်က ကိုယ်စားလှယ် တယောက်ပေါ့။ ကျနော့ကို သွင်းပေးတာပေါ့။ ကျနော်လဲမသိဘူး အဲဒီလောကတွေ။ သွင်းပေးလို့ ပိုက်ဆံရတော့ သူကရသွားတာ၊ ကျနော်က အဲ့လောက်မရဘူး။
ကျနော်က သူတို့ စစ်တပ်အကြောင်း နားမလည်ဘူး။ အပြင်အလုပ်မှာဆိုရင် လုပ်ငန်းသဘောတရား အရ မေးကြည့်မယ်။ မေးကြည့်လို့ အဆင်ပြေရင်လုပ်မယ် မပြေရင်မလုပ်ဘူး။ သူတို့က အဲ့ဒီလို မဟုတ်ဘူး။ လူရပြီဆို အဲဒီလူကို သည်းသည်းမဲမဲလိုက်ချိတ်တာ။ ညီလေး မင်း စိတ်ချမပူနဲ့ ဟိုထဲရောက်ရင် ဘာဖြစ်မယ်ညာဖြစ်မယ် ပြောတာပေါ့။ ကိုယ်လဲ နားမလည်ဘူးလေ လေတပ်အကြောင်းကို။ အဲဒီမှာ xxx လေတပ်စုဆောင်းရေးရှိတယ်၊ အဲဒီမှာ သွားနေတဲ့။
သွားနေရင်းနဲ့ ပထမတခေါက်က ဆေးကျတယ်။ တလကြာတော့ xxx အမှတ်(x) ထင်တယ်။ xxx သင်တန်းကျောင်းမှာ သွားနေတယ်။ အဲဒီမှာ စုဆောင်းရေး ဆရာတွေက နောက်တကြိမ် ထပ်လုပ်ပေးတယ်။ ထပ်လုပ်ပေးတော့ အမှတ်(၁)xxx ၊ xxx က xxx သင်တန်းမှာ ဆေးအောင်တယ်။ စစ်အခြေခံ သင်တန်းတက်ဖို့ ၆လတက်ရတယ်။ တက်ပြီးတော့ သင်တန်းဆင်း ကျနော့ကို လေတပ်က ဖြစ်တဲ့အတွက် လေတပ်က ကိုယ်စားလှယ်တွေက လာခေါ်တယ် ။ အဲ့ဒီမှာ စစ်သား ဖြစ်သွားပြီ။
ဝင်ဝင်ချင်း တုန်းကတော့ တသသ လို့ခေါ်တယ်။ တပ်သားအသစ်ပေါ့ တပ်သားအသစ်ကနေ သင်တန်း ၆လလဲ ဆင်းတော့ တသပေါ့။ တပ်သား ဖြစ်သွားပြီ။ လေတပ်က ဝင်တဲ့ပညာသင်ဆိုတော့ xxx ရှိတဲ့ မြေပြင် အတတ်သင် လေတပ်စခန်း ဌာနချုပ် မိခင်တပ်ရင်းရုံးကပေါ့။ အဲဒီမှာ သက်ဆိုင်ရာ ပညာအရည်အချင်းအလိုက် လုပ်ငန်းတွေခွဲတာ လိုအပ်ချက်အရ Chance တခုပေးတော့ အသက် ၃၀၊ ၁၀တန်းအောင်ဆို ဝင်လို့ရတယ်။ ၃၅နှစ် ဘွဲ့ရဆို ဝင်ခွင့်ပေးတယ်ဆိုတော့ ဝင်လာတာ။
xxx မြေပြင်အတတ်သင် လေ့ကျင့်ရေး သင်တန်းစခန်းမှာ ၆လကျော် တက်ရတယ်။ လုပ်ငန်းက အီလက်ထရောနစ် ရတယ်။ အဲဒီမှာ ၆လကျော် တော့ သင်တန်းဆင်းတယ် ဆင်းပြီးတော့ xxx တပ်ကို ၂၀၁၉ ဒီဇင်ဘာမှာ စရောက်တယ်။
အဲဒီတုန်းက အာဏာမသိမ်းသေးဘူး။ မသိမ်းသေးတော့ ကိုယ့်အလုပ်နဲ့ကိုယ်လုပ်ပေါ့။ နေရတာ နည်းနည်းချောင်တယ် ပြောရမှာပေါ့။ အာဏာသိမ်းပြီး နောက်ပိုင်း ကျနော်တို့ကို XXX ကို စစ်ဆင်ရေး လွှတ်တာ။ ကျနော် အဲဒီညက ဘာမှမသိဘူး၊ ဘာမှ မပြောဘူး၊ သွားခါနီး နောက်နေ့ညမှ အထုပ်တွေ ပြင်ထားလို့ပြောတာ ။ xxx ကို စစ်ဆင်ရေး သွားရမယ်ဆိုမှ စစ်ဆင်ရေး လွှတ်တာ။
xxx မှာ ကျနော့ အတွေ့အကြုံ ရှိတယ်။ ၁၃ရက် ၅လပိုင်း ၂၀၂၁ မှာ သွားတယ်။ ၂၀ရက်နေ့ကျတော့ အဲဒီက ကားတွေနဲ့ xxx ကို သွားရတာ။ xxx တပ် ခမရ xxx မှာ နေတယ်။ အဲဒီမှာ ဘယ်သူက ဘယ်သွား ဆိုပြီး ခွဲပို့တာ။ ကျနော်က xxx ပြည်သူ့ဆေးရုံမှာ ကျတယ်၊ လုံခြုံရေးသွားယူပေးရတာ။ ၅လပိုင်း ၂၀ရက်နေ့ကစပြီး နောက်ပိုင်း ၆လပိုင်းမှာ သိပ်မကြာပါဘူး စတွေ့တာပဲ။
လူနာတင်ကား ၂စီး လာတယ်။ အဲဒီတုန်းက ကိုဗစ်ကာလကြီး။ ကိုဗစ်ကာလ ဆိုတော့ နည်းနည်းကျပ်တယ်။ ညဘက်တွေဆို ၈နာရီ နောက်ပိုင်း ပေးမထွက်ဘူး။ အဲဒီနေ့က ညဘက်ကြီး အရေးပေါ်ကား၂စီး လာတယ်။ ပထမ တစီး မှာ ၂ယောက်၊ ဒုတိယ တစီးမှာ ၁ယောက်ပါတယ်။ ယောင်္ကျားလေး ၃ယောက်ပေါ့ သေနတ် ဒဏ်ရာထိထားတာ။ သွားမေးကြည့်တော့ ဘယ်က ပစ်လိုက်တာလဲ ဆိုတော့ တပ်က ပစ်လိုက်တာလို့ ပြောတယ်။ အဲတာ ကနဦးပဲ။ အဲဒီမှာ မှတ်မှတ်ရရ အရာရှိ တဦး၊ အရာရှိက မကွေးတပ် လေတပ်က ဗိုလ်မှူးဉာဏ်ထူး။
ကျနော်တို့က သူ့နေရာနဲ့သူ ဒါက ဆေးရုံ ဒါကထွေအုပ် ဒါက ဘဏ်ပေါ့။ အဲ့ဒီမှာမှ လေတပ်က အစုလိုက်အပြုံလိုက် သွားပြီး လုံခြုံရေးယူပေးရတာ။ လုံခြုံရေး ယူပေးရတယ် ဆိုပေမယ့် တကယ်က ကျနော်တို့ကို အမိန့်ပေးတာက ခမရ xxx ဗျူဟာက ပေါ့။
ပစ်တာမမြင်လိုက်ဘူး ရွာဘက်မှာ စစ်တပ်က ပစ်လိုက်တာ ပြောတယ်။ စစ်တပ်ဆိုပေမယ့် လေတပ်က မဟုတ်ဘူး ကြည့်ရတာ ကြည်းတပ်က ဖြစ်မယ်။ ကြည်းတပ် တပ်မ၈၈ က ခြေမြန်တပ်တွေပေါ့။
အဲဒီတခါပဲ၊ ဆေးရုံမှာ ကနဦး သိရတာက အဲ့ဒီအလောင်းကို သူတို့ ဖျောက်ပစ်လိုက်တယ်။ ရဲတွေလာတယ်။ ဗျူဟာ က G3 ပေါ့။ ဗိုလ်ကြီး ပြည့်ဖြိုးထွန်း လာတယ်၊ လာပြီး သူတို့ ဘယ်လိုလုပ်လဲတော့ မသိဘူး အလောင်းတွေ အကုန်ဖျောက်ပစ်လိုက်တယ်။ ကျနော်ပဲ သိရတာပေါ့။ အတွင်းကျကျတော့ မေးခွင့်မရှိဘူးလေ။ သေချာတာတော့ တပ်က ပစ်လိုက်တာဆိုတာပဲ သိလိုက်ရတာ။
ဆေးရုံမှာ ၅လပိုင်း ကနေ အောက်တိုဘာအထိ ၄လလောက် သွားကျတယ်။ ခမရ ၁၅ တပ်ထဲ စစ်ကြောရေးထဲ ရောက်သွားတယ်။ စစ်ကြောရေးထဲ ရောက်သွားမှ နဖူးတွေ့ဒူးတွေ့မျက်မြင်ကိုယ်တွေ တွေ့ခဲ့ရတယ်။ တချို့ ဗီဒီယိုဖိုင်ရှိတယ်။ ဒါပေမယ့် ပေးလို့မရဘူး။ ကျနော် ခိုးရိုက်ထားတာရှိတယ်။
အဓိက နေရာချတာက ဗျူဟာက ချတာ။ ရာထူးအရဆို ဒုတိယဗိုလ်မှူးကြီး။ အဲဒီတုန်းက နာမည် မသိလိုက်ဘူး။ နမ့်ဆန်လေတပ်ကလို့ ပြောတယ်။ ဒုတိယ ဗိုလ်မှူး ကြီး ၂ယောက် ရှိတယ်။ ကြည်းတပ် နဲ့ လေတပ်။ သူတို့အချင်းချင်း ညှိတာပေါ့။ အဓိက ကတော့ ကြည်း တပ်က main ပေါ့၊ ဘယ်သွားဘယ်သွားပေါ့။ နောက်တော့ ဆေးရုံကနေပြောင်းရတယ်။
ပြောင်းတာက ကျနော် တယောက်ထဲပါ။ ပြောချင်တာက စစ်ကြောရေး ရောက်တဲ့သူက ဘဏ်ကို ရောက်ရင်ရောက်မယ်၊ ဘဏ်ကနေ ဆေးရုံ ပြန်ရောက်ရင်ရောက်မယ်၊ အဲဒီလို လှည့်နေတာ။ ၃လ တ ခါ ပြန်ချိန်း။ ကိုယ့်တပ်ကိုပြန်ရတယ်။ ကျနော်က xxx မသွားခင် မပြန်ပဲ ဆက်နေတာ၊ xxx ဌာနမှူး အကြီးဆုံးက ဗိုလ်မှူးချုပ် မြင့်သောင်း။ သူကမှာတယ် မိမိ ဆန္ဒအလျောက်ဆက် နေမယ်ဆို နေခွင့်ရှိတယ်တဲ့။ အဲလိုသူတို့ ပြောချက်အရ ဆက်နေတာပါ။ ဆက်နေတော့ နှစ်ပေါက်ပြီး ဖြစ်သွားတာ ။
စစ်ကြောရေးမှာလေ အဖွဲ့က ဘာလုပ်ရလဲဆိုတော့ ကြည်းတပ်က ဖမ်းတဲ့ အဖွဲ့ရှိတယ်လေ။ သူတို့က သွားဖမ်းလာတဲ့သူတွေကို အဲ့ဒီမှာ တာဝန်ကျ ကင်းသမား ရှိတယ်၊ ကျနော်တို့ အလှည့်ကျစောင့်ရတာ။ ဂျူတီချိန်မှာ တယောက် ၂နာရီလောက် စောင့်ရတယ်။ ကျနော့အချိန်မှာ ဖမ်းလာတယ်။ ကင်းသမား ၃ယောက် က ဖမ်းလာတဲ့သူတွေကို လက်ပြန်ကြိုး တုပ်ပေးရတယ်၊ မျက်လုံးကြိုးစီးထားရတယ်။ မေးတဲ့ မြန်းတဲ့သူက မေးတယ်။ စစ်တယ်။ မေးတာက SB ရှိတယ် စရဖ ရှိတယ် စရဖ က မေးတယ် သတင်းတပ်ဖွဲ့ သူတို့က အဓိကပဲ ။
ဖမ်းပြီး မေးတယ်။ ဖမ်းလာတယ်၊ PDF ဆိုရင် သွားပြီ၊ အကုန်လုံးက ဆွမ်းကြီးဝိုင်းလောင်းတာ။ ကျနော်သာ မလုပ်တာ၊ တာဝန်အရမို့သာ လုပ်ရတာ ။မလုပ်ချင်ဘူး ။ PDF ဆိုလို့ကတော့ ဝိုင်းကန်တာ။ တကယ်က ကျနော် သိထားတာ ဒီလူကို တကယ်စစ်ဖို့ တာဝန်က စရဖ ပဲ၊ စရဖ က main ပဲ၊ ကျန်တဲ့ သူက ထိခွင့်မရှိဘူး ရိုက်ခွင့်မရှိဘူး၊ သို့သော် အဲ့ဒီမှာ သူတို့ လုပ်ချင်တိုင်း လုပ်တာ။ ဥပဒေ က သူတို့ ပါးစပ်ထဲမှာပဲ ရှိတာ။ သေသွားလဲ လူတယောက်ကို တန်ဖိုးမထားဘူး ပုရွက်ဆိတ်တကောင်လောက်ပဲ။ သေသွားလဲသွား အလောင်းဖျောက်ပစ်လိုက် အဲဒီလို ။
ကနဦး မေးလိုက်တယ်။ ပြီးရင် အချုပ်ခန်းထဲ ထည့်ထားလိုက်တယ်။ အချုပ်ခန်း ရှိတယ်။ နောက်ရက်ကျ စရဖ က မေးတယ် စစ်တယ်။ တချို့ကလဲ PDF ပေါ့။ တချို့ကလဲ PDF မဟုတ်ဘူး PDF နဲ့ ဆက်နွယ်နေတာလေးတွေပေါ့။ ဖမ်းလာတယ်။ တချို့ကျ မှားဖမ်းလာတာ၊ အသက်ကြီးတဲ့သူလဲ ပါတယ်၊ အမျိုးသမီးလဲပါတယ်။ အဓိက က ဗျုဟာမှူးပဲ။ ဗျူဟာမှူး က တော်တော်ဆိုးတယ်။ ကြည်း ဗျူဟာမှူး။ အရက်သောက်တယ်။ ညကျရင် အချိန်မတော်မှ ကာရာအိုကေ သွားတယ်။ မူးပြီး ပြန်လာရင် အဲ့ဒီလူက တော်တော်ဆိုးတယ်။ သူပြန်လာတဲ့အချိန် ကင်းကျတဲ့ ကင်းသမားကတော့ သွားပြီပေါ့။ ကင်းသမားက အချုပ်သားတွေကို အကုန်ထုတ်ပြရတာ။ သူပြန်လာတာ ည ၁၂နာရီ ၁နာရီ ဆိုတော့ အိပ်နေပြီပေါ့။ အဲ့ဒါကို အကုန်ထုတ်ခိုင်းတာ။ ထုတ် ထုတ် ထုတ် နဲ့ တန်းစီပြီး အဲဒီမှာ သူပြောချင်တာ ပြောတာပဲ။ ကြည့်မရရင် အဲဒီလူ ခေါင်းပေါ် အရက်ပုလင်းတင်ပြီး သေနတ် နဲ့ လှမ်းပစ်တာ။ ပစ်တဲ့ဟာတော့ ကျနော်မပါဘူး ပုလင်းတင်တာတော့ ပါတယ်။ ရက်စက်တယ် တခါမှ မတွေ့ဖူးဘူး။
ဆေးရုံမှာ ခုနက ဗျူဟာမှူးပဲ သူက တပ်မ ၉၉ ကလို့လဲ ပြောတယ်။ ကျနော် သိထားတာတော့ ကြည်းတပ်ကကောင်တွေက မူးယစ်ဆေးဝါး နည်းနည်းသုံးတယ်။ သုံးလို့သာ လုပ်ရဲတာပေါ့။ မသုံးတဲ့သူက ဒီလို ဘယ်လိုလုပ်ရဲမလဲ. လက်ရဲဇက်ရဲတွေ။ ဖမ်းလာကတည်းက ရိုက်နှက်လာတာ။ ဦးလေး တယောက်ဆို နောက်ကျောမှာ တကိုယ်လုံး ညိုမဲနေတာ၊ တော်တော် ဆိုးတယ် ။
ကျွန်တော် ဘယ်လိုစတွေ့ရလဲဆိုတော့ ဆေးရုံကို သားအမိ ၃ယောက် ဖမ်းချလာတယ်၊ အဘိုးကြီးကော၊ အဘွားကြီးကတော့ အသက်က မကြီးသေးဘူး ၄၀ ၊ ၅၀လောက်ပေါ့။ သမီးလေး တယောက်ရှိတယ်။ ဗျူဟာမှူးက ရူးကြောင်မူးကြောင်နဲ့ အခန်းထဲ ဝင်လာပြီး အဲ့ဒီတုန်း က ကျနော် လဲ ရှိတယ်။ အရာရှိလဲ သိတယ်။ G3 အရာရှိ အငယ်လေးတွေပေါ့။ သိတယ်ဆိုပေမယ့်လဲ အဲ့ဒီလူက ဗျူဟာမှူးလေ။ ဗျူဟာမှူး ဆိုတာက အကြီးဆုံးပဲလေ။ ဘာမှလဲပြောလို့မရဘူး သောက်စားလာပြီး ကောင်မလေး အခန်းကိုလာကြည့်ပြီး အဘိုးကြီးနဲ့ အဘွားကြီးကို လွှတ်ထုတ်လိုက်ပြီး ကောင်မလေးကို သူ ညစ်ညစ်ပတ်ပတ် စကားတွေ ပြောတာပေါ့၊ ညစ်ညမ်း တဲ့ စကားတွေ ထွက်လာတာပေါ့။
ကျနော်အဲဒီမှာရှိတုန်းက စစ်ရင်းဆေးရင်း သေကုန်တာတွေရှိတယ်။ xxx မှာ xxxရွာ ဆိုတာရှိတယ်၊ xxxရွာက ၂ယောက်ဆို စစ်ကြောရေးမှာ တခါ ထဲသေသွားတာ။ အဲဒီညက ကျနော့ ဂျူတီချိန် မဟုတ်ဘူး။ ကျနော်က နားနေတာ။ အသံတွေက ညည်းသံတွေကြားနေရလို့သွားကြည့်တာ။ သူတို့က ရိုက်နေကြတာ။ ကျနော်လဲ အပင်အကွယ်လေးကနေ ဗီဒီယို ခိုးရိုက်တာ။ ကြည့်လဲကြည့်ရော အများကြီးပဲ ဝိုင်းရိုက်ကြတာ လေးငါးခြောက်ယောက် ရှိမယ်။ mytel တာဝါတိုင်ကို ဗုံးခွဲတယ် ဆိုပြီးတော့၊ အဲ့ဒါကို ရိုက်တာစစ်တာပေါ့ ။ သေသွားတဲ့ ကောင်လေးတွေလဲ လေးစားပါတယ်။ မဖြေသွားဘူး၊ တော်တော် လေးစားတယ်။ သူ့ရဲ့ နောက်ဆက်တွဲကို ကွင်းဆက်လိုက်တာပေါ့ မဖြေသွားဘူး အသေခံသွားတယ်။ စိတ်တော့ မကောင်းဘူး ကိုယ်လဲ ဘာမှ မလုပ်ပေးနိုင်ဘူး ။
xxx ရွာ က ၂ယောက် သေသွားတယ်ဆိုတာ ကျနော် သိထားတာတော့ သူတို့ ည ၉နာရီ စပြီး စစ်လိုက်တာ မနက် ၂နာရီမှ ပြီးတယ်။ ရိုက်တယ်၊ နှက်တယ် လက်တွေကို ကြိုးတုပ်ပြီး ကတ္တရာလမ်းပေါ် ကားနဲ့ ဆွဲတယ်။ ဟိုကတော့မဖြေဘူး။ နောက်တော့ ပါးစပ်ထဲကို သေးတွေ ပေါက်ထည့်ခိုင်းတယ်။ ဟိုက ရေဆာတော့ စစ်တာကြာတော့ ရေဓာတ်ခမ်းလာတော့ ဆရာ ကျနော် ရေ သောက်ချင်တယ်ဆိုတော့ မင်းက ရေသောက်ချင်တာလားဆိုပြီး တခြား ဖမ်းထားတဲ့ အချုပ်သားတွေကိုခေါ်ပြီး ပါးစပ်ထဲကို ပေါက်ထည့်ခိုင်းတာ။ တချို့တွေက မလုပ်ချင်ဘူး မလုပ်ချင်တဲ့ကောင်ကို ရိုက်ခိုင်းတာ။ တခါ မရိုက်ချင်တဲ့သူကိုကျ ထပ်ရိုက်ခိုင်းတာ။ စစ်တပ်မှာ အဲ့ဒီလို အဆင့်ဆင့် သွားတာ လုပ်ရတာပေါ့။ ကျနော်လဲ လုပ်ပြရတာပေါ့။ သူတို့ရှေ့မှာ စိတ်ထဲကတော့ မပါဘူး ။ ကျနော် ဂျူတီချိန် ပြန်ကျတဲ့အချိန် သူတို့ အချုပ်သားတွေအတွက် မနက်ခင်း အိမ်သာသွား သေးပေါက် ထုတ်တယ်လေ၊ အဲ့ဒီကျမှ သွားပြီး တောင်းပန်လိုက်တယ်။ သူတို့ကလဲ နားလည်ပါတယ်၊ ရတယ် အကိုတဲ့ ကျနော်တို့ နားလည်ပါတယ်တဲ့။ ဂျူတီ ကျတဲ့အချိန် အချုပ်သားနဲ့ သွားစကားပြောခွင့်မရှိဘူး။ ပြောချင်ရင် ဘေးနား ပတ်ဝန်းကျင်ရှင်းတဲ့ အချိန်လေးမှ သွားပြီး ပြောရတယ်။ ပစ်ခွင့်ပေးထားတယ်။ အချုပ်သားတွေ နည်းနည်း ခေါင်းထွက်တာနဲ့ ပစ်တဲ့။ ဗျူဟာမှူး က အမျိုးမျိုး ရှိတယ် ပြောင်းနေတာ။ ကျနော် တွေ့တဲ့ ဗျူဟာမှူးကတော့ ရက်စက်တယ်။
လက်ရှိမှာ ၂ ယောက်ပဲ တွေ့တယ်။ ဒါပေမယ့် ကျနော် မမြင်တဲ့ဟာတွေ ရှိမှာပေါ့။ ဂျူတီက နာရီနဲ့ စောင့်ရတာ။ သူများ ပြန်ပြောပြတာတွေ ရှိတယ်။ တချို့ကောင်လေးတွေ ဆိုရင် လက်ပြန်ကြိုးတုပ်ထားတယ်။ ဗိုလ်မှူးက နောက်က ကျဉ်စက် နဲ့ တို့တာ၊ အဲ့တာ ဖုန်းထဲမှာ ပါတယ်၊ အဲ့ဒီကောင်လေးဆို နည်းနည်း အခြောက်စိတ်ဆန်တယ်၊ ကျနော်နဲ့ တာဝန်ကျတဲ့သူတွေက လေတပ်သားချင်း ပြန်ပြောပြတာ။ အဲ့ဒီကောင်လေးဆို ယောက်ျားချင်းကို rape လုပ်ခံရတာ တော်တော် ဆိုးတာ ။
xxx လေတပ်စခန်း ဌာနချုပ်၊ ကျနော်တို့က အုပ် အမှတ် ၈၇ အုပ်ရဟတ်ယာဉ် လေယာဉ် အမျိုးအစား က Bell 206 Jet Ranger 3 အမေရိကန် made ပဲ။ အဲဒီမှာ တာဝန်စ ထမ်းဆောင်တယ်။ ကျနော်တို့ အုပ် က ရဟတ်ယာဉ် အုပ် လုပ်ငန်းတွေ အများကြီး ရှိတယ်။ ကားတစီးမှာ အင်ဂျင်ပိုင်း ရှိတယ် ဘော်ဒီပိုင်း ရှိတယ် လျှပ်စစ်ပိုင်း ရှိတယ် လေယာဉ်မှာလည်း အဲ့ဒီလို ရှိတယ်။ အင်ဂျင် ၊ air ဖရိန် ၊ လေယာဉ် ခန္ဓာကိုယ် ပိုင်း ၊ လျှပ်စစ်ရှိတယ် ၊ လေယာဉ်ချိန်ခွက် ဆီခွက်လေးတွေ ပြီးတော့ radio – radar ဆက်သွယ်တဲ့ အပိုင်း။ လက်နက် တိုက်ပွဲတွေဖြစ်ရင် တပ်တာ အားလုံး ၆ခု ရှိတယ်။ ကျနော့် အပိုင်း က radar အပိုင်း၊ radar အပိုင်း ဆိုပေမယ့် ကျနော်တို့ လေယာဉ် က radar မပါဘူး radio က ဆရာတွေနဲ့ တွဲနေရတာ မနက်ခင်းကျ ပုံမှန် ခလုတ်တွေ စက်တွေ ဖွင့်တယ် RT ခေါ် ခေါ်ပြီး စစ်တာပေါ့ ကောင်းမ ကောင်းစစ်ပြီး လက်မှတ်ထိုးရတယ်။ ရောက်ရောက်ချင်းက လက်မှတ်မထိုးရဘူး on duty ရှိတယ် ၆လ ပြီးမှ လက်မှတ်ထိုးရတယ်။ လေယာဉ် တစီးတက်ရင် ကျနော်တို့က ရင်မ နေရတယ်။ မောင်းတာတော့ အရာရှိတွေ မောင်းတာပေါ့။ pilot တော့ ရှိတာပေါ့။ မောင်းရင်း ပျက်ကျတယ်ထား၊ ပျက်ကျရင် အဲဒီနေ့ လက်မှတ်ထိုးထားတဲ့သူတွေ အကုန် အကျုံးဝင်တယ်။ ဘာမှပြောမနေနဲ့ အချုပ်ထဲ ထည့် စစ်ခုံရုံး ဖွဲ့ပြီး စစ်တော့တာပါပဲ။
တကယ်တော့ အာဏာသိမ်းတဲ့နေ့ကတည်းက စစ်သားဘဝကို မနှစ်သက်တာ။ ဘာဖြစ်လို့လဲဆိုရင် ကျနော် ကိုယ်တိုင်လဲ NLD ကို မဲပေးခဲ့တာပဲ။ ၂၀၂၀ နိုဝင်ဘာ ၁၁ရက်နေ့က မဲပေးခဲ့တယ်။ မဲမပေးခင် သူတို့တပ်ထဲမှာ အရာရှိတွေက တအား စည်းရုံးတာ။ ကဒ်လေးတွေ ထုတ်ပေးတယ် ၅ချက်ပါတယ်။ အဲဒီကဒ်ကို ဖတ်လိုက်ရင် (ဃ) အဆင့်မှာ တပ်မတော် နဲ့ အဆင်ပြေတာဖြစ်တာဆိုတော့ ကြံ့ခိုင်ရေးပဲပေါ့ ။ ပြည်ခိုင်ဖြိုး ကို ထည့်ပါလို့ တိုက်ရိုက် မပြောပေမယ့် ကဒ် က သက်သေခံနေတယ်။ NLD ကို မဲ မထည့်နဲ့လို့ ပြောလို့မကောင်းလို့သာ ကြံ့ခိုင်ရေးကို ထည့်ပါလို့ ဆိုတဲ့ပုံစံ။ ဒါပေမယ့် ကျနော် မကြောက်ဘူး NLD ပဲ မဲ ထည့်ခဲ့ တယ် ကျနော့လိုပဲ ထည့်တဲ့သူ ရှိတယ် ။
တကယ် တော့အာဏာသိမ်းကတည်းက ရုန်းထွက်ချင်တာ။ အဲ့ဒီတုန်းကလဲ အခုလို တွင်တွင်ကျယ်ကျယ် မရှိသေးဘူး။ အင်တာနက်တွေ ပြတ်တယ် xxx ဘက်ဆို ပိုဆိုး သတင်းတွေ ကို အမှောင်ချတာ။ အဆက် အသွယ် ကောင်းတွေလဲ မရှိဘူး ။ တပ်ထဲမှာပဲ စည်ကမ်းချက် ထုတ်ထားတယ်၊ အပြင် မထွက်ရ ထွက်ရင် ဘာဖြစ်ရင် ဘာပြစ်မှု ဆိုတော့ သူတို့ပြောတာ ကိုယ်က စိုးရိမ်တာလဲ ပါတာပေါ့ အ ကြောင်းကြောင်းကြောင့် CDM မဝင်ဖြစ်တာ။
ကံကောင်းချင်တော့ နောက်ဆုံး သတင်းရဲတပ်ဖွဲ့ ကို ရောက်တယ်။ လုံခြုံရေး သွားယူပေးရတယ်။ သွားယူတဲ့အချိန် ၃လပိုင်းမှာ။ အရင်က မလေးရှားမှာလဲ နေခဲ့ဖူးတော့ မလေးရှားရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ Facebook page ကို ဝင်လိုက်တယ်။ ဝင်လိုက်ပြီး အကူအညီ လှမ်းတောင်းတာ။ ကျနော် CDM ဝင်ချင်ပါတယ် ဆိုပြီး။ ကိုယ့်မှာလဲ ပိုက်ဆံ မတတ်နိုင်ဘူး ပိုင်ဆိုင်မှုလဲ မရှိဘူး။ NLD ရုံးက xxx ဆိုတာ ရှိတယ်။ သူက အဲ့ဒီတုန်းက ကိုဗစ်ကလဲ ဖြစ်နေတော့ လူတယောက် မလေးရှားကို လာဖို့ဆို သိန်း ၂၅ ကုန်မယ် ဆိုတော့ အဲ့ဒီလောက် ကျနော်တို့ အဖွဲ့အစည်း က မတတ်နိုင်ဘူးပေါ့။ ဖြစ်နိုင်ရင် မဲဆောက် မှာ အကို တယောက် ရှိတယ် ချိတ်ပေးမယ် သူက CDM တွေကို ကူညီနေတဲ့သူ တယောက် ဆိုတော့ သူနဲ့ ချိတ်ပြီး လာခဲ့တာ။ xxxရဲ့ facebook link ကို NLD ရုံးက xxx က ကျနော့ ရဲ့ facebook ထဲ ထည့်ပေးပြီး ချိတ်ပြီး လာခဲ့တာ ။
CDM မလုပ်သော်ငြား တချို့က မိသားစုတွေ ရှိတယ်လေ။ ကျနော်က တယောက်ထဲ ပြဿနာ မရှိဘူး။ တချို့ကျ မိသားစုကို ငဲ့တာပေါ့။ ထွက်လာခဲ့လို့ ဒီရောက်ရင်လဲ အခြေချဖို့မလွယ်တာ သူတို့ သိနေတော့ မလွယ်ဘူးလေ။ ကိုယ်တိုင် CDM မလုပ်ပေမယ့် လုပ်တဲ့သူကို အားပေးတာတွေ ရှိပါတယ်။ ဖရဲသီးတွေ ရှိတယ်။ လိုအပ်တဲ့ သတင်းအချက်အလက်တွေ ပေးတဲ့သူရှိတယ်။ အဲ့တာမျိုးတော့ တပ်ထဲမှာ ရှိတယ် ။
၈.၄.၂၀၂၂ က CDM စဝင်တဲ့နေ့။ ကျနော် ဂျူတီချိန်းပြီးတော့ ယူနီဖောင်းကို ချွတ် အရပ်ဝတ်လဲပြီး ပြေးလာတာ။ အဲ့ဒီနားက ပတ်ဝန်းကျင်ကလဲ ကောင်းတယ် NLD တွေချည်းပဲ။ အကုန်လုံး ဝိုင်းကူညီကြ တယ်။ ချောချောမွေ့မွေ့ ရောက်လာတယ်။ ချက်ခြင်း ကားပေါ်တက်လာပြီး မန္တလေး ထွက်လာ။ မန္တလေး ကနေ ညနေ ၆နာရီ ကား တက်စီးလာပြီး မြဝတီ ကို လစ်တာ။ အချက်အလက်တွေ အများကြီး ပါလာ တော့ လစ်တာ မနေရဲဘူး။ ကံလည်းကောင်းတယ်။ မြဝတီရောက်တော့လဲ ဒီဘက်နဲ့ ချိတ်ဆက်ပြီး တန်းကူး လာတာပါပဲ။
#တရားမျှတမှုရရှိဖို့အမှန်တရားထုတ်ဖော်ပြောကြစို့
#Let‘sTelltheTruthtoGetJustice