အမျိုးသားညီညွတ်ရေးအစိုးရ(NUG)မှ ဖွင့်လှစ်ခဲ့သည့်နွေဦးထီပေါ်ထွက်လာပြီးနောက်တွင် ငွေကြေးလွှဲပြောင်းမှုများအတွက် wave money အပါအဝင် မည်သည့် Mobile payment ကိုမဆို အချက်အလက်အပြည်စုံဖြည့်တင်းပြီးငွေလွှဲပြောင်းနိုင်ရေးအတွက်လုပ်ငန်းစဥ်များကို ထိန်းချုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
“အချက်အလက်ပြည့်စုံမှလွှဲရမယ်။ စပြီးလိုင်စင်လျှောက်တည်းကလွှဲပြောင်းသူက ဘယ်လိုအချက်အလက်ဖြည့်တင်းရမယ်လက်ခံသူက ဘယ်လိုအချက်အလက်ဖြည့်တင်းရမယ်ဆိုပြီးစနစ်တကျနဲ့လုပ်ခိုင်းထားတာ” ဟုဗဟိုဘဏ်ဒုတိယဥက္ကဌ ဦးဝင်းသော်က MPAသို့ပြောသည်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)မှ ရောင်းချလျက်ရှိသော နွေဦးထီနှင့်ပတ်သက်ပြီး ငွေကြေးလွှဲပြောင်းမှုများပြုလုပ်မည့်ဘဏ်အကောင့်များကို စိစစ်အရေးယူရန်ညွှန်ကြားထားပြီးနောက်ပိုင်းတွင် ယခုကဲ့သို့ ထိန်းချုပ်ရန်ဖြစ်ပေါ်လာရခြင်းဖြစ်သည်ဟုသိရသည်။
အချက်အလက်မပြည့်စုံဘဲလွှဲပြောင်းခြင်းပြုလုပ်ပါ ကလွှဲပြောင်းသူသာမက လွှဲပြောင်းပေးသည့်ကိုယ်စားလှယ်ကိုလည်းအရေးယူမှုများပြုလုပ်သွားမည်ဟုသိရသည်။
အာဏာသိမ်းစစ်တပ်၏စီမံကိန်းနှင့်အခွန်ဘဏ္ဍာဝန်ကြီးဌာန လက်အောက်တွင်အောင်ဘာလေထီတစ်မျိုးသာရှိသည်။ သို့သော် နှစ်လုံးထီ သုံးလုံးထီများကို အွန်လိုင်းစျေးကွက်တွင် Mobile paymentများဖြင့် ပေးချေပြီးအရောင်းအဝယ်ပြုလုပ်နေသော်လည်း ဗဟိုဘဏ်ဖက်မှ ယခုကဲ့သို့ညွန်ကြားချက်တစ်စုံတစ်ရာထုတ်ပြန်ခဲ့ခြင်းမရှိပေ။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး” အဲ့ဒါတွေထက်ပိုအရေးကြီးတယ်။ ဒါက(နွေဦးထီ)။ နှစ်လုံးထီတို့ဘာတို့က ကိုယ့် စီးပွားရေးအတွက် ကိုယ်လုပ်တာပေါ့သတ်မှတ်ထားတဲ့ ဥပဒေကိုချိုးဖောက်တာပေါ့လေ။ ဒီနွေဦးထီဆိုတာက တော့နိုင်ငံတော်ကိုဆန့်ကျင်တဲ့အဖွဲ့ကလုပ်တာလေ မတူဘူး” ဟု ဦးဝင်းသော်ကဆိုသည်။
ညွန်ကြားချက်သည် ၁၃ရက်နေ့ရက်စွဲဖြင့် ဗဟိုဘဏ်မှဘဏ်များသို့ လျှို့ဝှက်စာဖြင့်ပေးပို့ခဲ့သော်လည်း ၁၆ရက်နေ့တွင် ပြင်ပသို့သတင်းပေါက်ကြားခဲ့သည်။ စာထွက်လာပြီးနောက် ထိုညွှန်ကြားစာနှင့်ပတ်သက်ပြီး လက်မှတ်ထိုးထုတ်ပေးခဲ့သည့် ဗဟိုဘဏ်ဒုတိယဥက္ကဌဒေါ်သန်းသန်းဆွေကို MPAက မေးမြန်းခဲ့ရာ စာအတုဟုပြောဆိုခဲ့သည်။
ဒီကနေ့မှာတော့ ဗဟိုဘဏ်ဒုတိယဥက္ကဌ ဦးဝင်းသော်က စာအစစ်အမှန်ဖြစ်ကြောင်းအတည်ပြုခဲ့ပြီး လျှို့ဝှက်စာပေါက်ကြားမှုအတွက် ဘဏ်များကိုစစ်ဆေးမှုများပြုလုပ်နေကြောင်းပြောကြားသည်။
အမျိုးသားညီညွတ်ရေးအစိုးရမှရောင်းချသော နွေဦးထီကိုထိုးသည့်ဘဏ်အကောင့်များ၊ Mobile paymentများကို စောင့်ကြည့်စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး နည်းပညာများလည်းတိုးမြှင့်ထားကြောင်း သိရသည်။
NUGအစိုးရကပြုလုပ်သည့် အောင်လံလွှင့်ချီနွေဦးထီကို သြဂုတ်လ ၁၄ ရက်နေ့ညနေ၄နာရီတွင်စတင်ရောင်းချခဲ့ရာ တစ်နာရီအတွင်း ပြည်သူများ အားပေးများလွန်းသည့်အတွက် ကြန့်ကြာမှုများဖြစ်ပေါ်ခဲ့ပြီး စိတ်ရှည်သည်းခံပေးကြဖို့မေတ္တာရပ်ခံစာကို ထုတ်ပြန်ရသည် အထိဖြစ်ခဲ့သည်။