By MPA 001
အမျိုးသားညီညွတ်ရေးအစိုးရ၏ စိုးမိုးနယ်မြေ ၃၈ ခုမှ လုပ်ငန်းရှင်များကို ဗဟိုပြု၍ ၇လအတွင်း အခွန်ကောက်ခံငွေ ကျပ်ငွေ ၃ ဘီလီယံရရှိခဲ့ကြောင်း NUG စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောသည်။
အထက်ပါ အခွန်ငွေရရှိမှုကို ယနေ့တွင်ပြုလုပ်သည့် NUG စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန၏ သတင်းစာရှင်းလင်းပွဲတွင် အသိပေးခဲ့ခြင်းဖြစ်သည်။
“ စနစ်တကျနဲ့ စီစဉ်ဆောင်ရွက်လျက်ရှိတယ်။ မြေပြင်ကအဖွဲ့အစည်းတွေကလည်း အခွန်ကောက်ခံတဲ့အခါမှာ ကျွန်တော်တို့ NUG ချမှတ်ထားတဲ့ မူဝါဒနဲ့အညီ ဒီကာလမှာ အခက်အခဲဖြစ်နေတဲ့ ပြည်သူလူထုကို ဝန်ထုပ်ဝန်ပိုးမဖြစ်ဘဲနဲ့ လုပ်ငန်းရှင်များကိုသာ ဦးတည်ပြီးတော့ လုပ်ငန်းတွေအပေါ်မှာ ကောက်ခံခြင်းဖြစ်ပါတယ်” ဟု NUG စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ရှင်းပြသည်။
NUG ၏ စိုးမိုးနယ်မြေ ၃၈ ခုမှ အခွန်ငွေ ၃ ဘီလီယံရရှိခဲ့မှုသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇွန်လမှ ဒီဇင်ဘာလကုန်အထိ ၇ လတာကာလအတွင်း ရရှိခဲ့သည့် အခွန်ငွေများ ဖြစ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန၏ တာဝန်ရှိသူတစ်ဦးမှ ပြောသည်။
“ ကျွန်တော်တို့ အုပ်ချုပ်ရေးလမ်းစဉ်တွေချခဲ့တာ မနှစ်ထဲကပါ။ ဒီနေရာမှာ အခွန်စနစ်ကို လည်ပတ်တဲ့အခါ မူဝါဒကို ထုတ်ပြန်ပြီးနောက်ပိုင်းမှာ တချို့မြို့နယ်တွေက လည်ပတ်တယ်။ တချို့မြို့နယ်တွေက မလည်ပတ်နိုင်ဘူး။ မကောက်ခံနိုင်သေးတာ ရှိတယ်။ တစ်မြို့နယ်နဲ့ တစ်မြို့နယ် မတူတဲ့အခါကြတော့ ဘယ်ကနေ စကောက်ပြီး ဘယ်လကနေ စကောက်တယ်ဆိုတာ ကျွန်တော်တို့မှာ ပြောရတာခက်ပါတယ်။ သေချာတာပြောရရင်တော့ ၆ လပိုင်းကနေ ဒီဇင်ဘာလအထိကြားထဲမှာ ကောက်ခံတယ်လို့ ပြောရင် နီးစပ်ပါတယ်” ဟု စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန၏ တာဝန်ရှိသူတစ်ဦးမှ ရှင်းပြသည်။
NUG မှ ရရှိထားသည့် အခွန်ဘဏ္ဍာငွေများကို ပြည်ထောင်စုအဆင့်မှ ၃၀ ရာခိုင်နှုန်း၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ၃၀ ရာခိုင်နှုန်းနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များမှ ၄၀ ရာခိုင်နှုန်း သုံးစွဲရန် မူဒဝါဒချမှတ်ထားသည်ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။
တော်လှန်ရေးအစိုးရဖြစ်၍ ပြည်သူများကို ဝန်ထုပ်ဝန်ပိုးမဖြစ်အောင်နှင့် လုပ်ငန်းရှင်များ လိုလိုလားလား ဆောင်နိုင်မည့် နှုန်းထားများကိုသာ သတ်မှတ်ထားသည်ဟု စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ဆက်လက်ရှင်းပြသည်။