ကရင်ပြည်နယ်၊ မြဝတီမြို့ကို ထိုးစစ်ဆင်ရန် စစ်ချီလာသော စစ်ကောင်စီစစ်ကြောင်းသည်တော်လှန်ရေးပူးပေါင်းတပ်များ၏ ဖြတ်တောက်တိုက်ခိုက်မှုများကြောင့် ယနေ့အထိ ကော့ကရိတ်မြို့ကိုမကျော်နိုင်သေးကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များကဆိုသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ ချီတက်လာရာလမ်းတစ်လျှောက်တွင် KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်မများက အဆက်မပြတ်ဖြတ်တောက်တိုက်ခိုက်မှုများပြုလုပ်ခဲ့သဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော်ထိခိုက်သေဆုံးပြီး သံချပ်ကာယာဉ်ပါအဝင် စစ်သုံးမော်တော်ယာဉ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ယနေ့၊ နံနက်ပိုင်းတွင်သတင်းထုတ်ပြန်သည်။
ထိုသို့ တိုက်ခိုက်ခံရမှုများကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရှေ့သို့ဆက်၍ ချီတက်နိုင်ခြင်းမရှိဘဲ ဒေါနတောင်တန်းအနောက်ဘက် တောင်ခြေတွင်သာ ရပ်တန့်လျက်ရှိကြောင်း သိရသည်။
“ ကော့ကရိတ်အထိပဲ စကစစစ်ကြောင်းတွေတက်လာသေးတယ်။ ကော့နွှဲတံတားကိုပြင်နေကြတယ်။ ကော့ကရိတ်နဲ့မြဝတီလမ်းကြောမှာ အခုထိ ရှေမတက်ဘဲ နယ်မြေအခြေအနေကို အကဲခတ်နေတာဖြစ်တယ်။ KNU တပ်နဲ့ PDF တပ်တွေ ခုခံမှုတွေရှိတယ်။ ဒီမနက်ပိုင်း ကျားဖြူစစ်ကြောင်းနဲ့လဲ ထိတွေ့မှုရှိတယ်။ ရှေ့တိုးတိုင်း တိုက်ပွဲပြင်းထန်မှာပါ။ KNLA က တိုက်ဖို့ပြင်ဆင်မှုတွေရှိနေပါတယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ မဟာဗျူဟာလေ့လာရေးမှတ်တမ်းဌာနတာဝန်ခံဦးထွန်းထွန်းက ရှင်းပြသည်။
KNLA၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့က မြဝတီမြို့တွင် နောက်ဆုံးကျန်ရှိသည့် စစ်ကောင်စီခြေလျင်တပ်ရင်း – ခလရ ၂၇၅ အား ဧပြီ ၁၁ ရက်တွင် သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီက အဆိုပါတပ်စခန်းများအား ပြန်လည်ရရှိရန် “ အောင်ဇေယျ” အမည်ဖြင့် နိုင်ငံတော်အဆင့် စစ်ဆင်ရေးတစ်ရပ်အား ဖော်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။
“ လက်ရှိအချိန်ထိ တိုက်ပွဲပြင်းထန်နေတုန်းပါပဲ။ မနက် ၁၁ နာရီကျော်ကနေ အခုချိန်ထိ တိုက်ပွဲရပ်နားခြင်းမရှိသေးဘူး။ နှစ်ဘက်ထိခိုက်မှုရှိပါတယ်။ ကျွန်တော်တို့ဘက်ကတစ်ယောက်ကျထားတယ်။ ရန်သူ (စကစ) ဘက်ကလဲ ထိခိုက်သေဆုံးမှုများတဲ့ အခြေအနေပါ” ဟု ကျားဖြူစစ်ကြောင်း၏ ဒုစစ်ကြောင်းမှူး ဗိုလ်ကျော်ဟိန်းက ပြောသည်။
ထို့ပြင် ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်များသည် ၎င်းတို့လာရာလမ်းတစ်လျှောက်တွင် စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားပြည်သူများနေထိုင်ရာ နေရာဒေသများကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း ဗုံးကြဲတိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့ခြင်းကြောင့် အရပ်သားပြည်သူများ ထိခိုက်သေဆုံး၊ ဒဏ်ရာရရှိခဲ့ခြင်းများရှိသည့်အပြင် ပြည်သူများပိုင်ဆိုင်သော ပစ္စည်းဥစ္စာများလည်း ထိခိုက်ပျက်စီးခဲ့ရကြောင်း KNU ဗဟိုက ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြသည်။
စစ်ကောင်စီ၏ အမှတ် ၅၅ ခြေမြန်တပ်မဌာနချုပ်ရှိ သံချပ်ကာယာဉ် ၈ စီး၊ ကားအစီးရေ ၂၂ စီးဖြင့် ခန့်မှန်းတပ်ဖွဲ့ဝင်အင်အား ၅၀၀ ခန့်ပါရှိသော ယာဉ်တန်းသည် ကော့ကရိတ်မြို့နယ်သို့ ဧပြီ ၁၁ ရက်ကတည်းက ရောက်ရှိလာခြင်းဖြစ်ပြီး ယနေ့အထိဖြတ်ကျော်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။