မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကွပျူရွာကို မတ် ၁၉ရက်နှင့် ၂၀ရက်တွင် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ ပျူစောထီး တစ်ဦးသေဆုံးပြီး ၅ဦးဒဏ်ရာရရှိခဲ့ကြောင်း မြိုင်ပကဖမှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
ထိုကဲ့သို့ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာတွင် တစ်ရက်လျှင် ၃ကြိမ်ခန့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၂ရက်အတွင်း ဗုံးသီးအလုံး ၂၀ခန့် အသုံးပြုခဲ့ခြင်းဖြစ်သည်။
” ပျူရွာထဲမှာ သူတို့က ဘုန်းကြီးကျောင်းကို အဓိကစခန်းအထိုင်ချထားတာ၊ အဲဒီနေရာကို အဓိကထားပြီး ဗုံးသီးချတယ်။ သူတို့က ဝေဟင်လာတာဆိုတော့ ကြောက်ပြီး လွတ်မဲ့နေရာတွေကို ထွက်ပြေးကြတယ်။ သူတို့ပြေးတဲ့ နေရာတွေကို ထပ်ချတာပါဗျ ” ဟု ၎င်းကပြောသည်။
ထိုကဲ့သို့ တိုက်ခိုက်ခဲ့မှုကြောင့် ပျူစောထီး ၁ဦးသေဆုံးပြီး ၅ဦးဒဏ်ရာရရှိကြောင်းကို အတည်ပြုနိုင်ပြီး၊ ကာကွယ်ရေးတပ်ဖွဲ့များဘက်မှ မောင်းသူမဲ့လေယာဥ် ( Fixed Wing )တစ်စင်းနှင့် Mavic2Zoom ( ကင်းထောက် )Droneတစ်စင်းဆုံးရှုံးခဲ့ကြောင်း Myaing UAV Fighter အဖွဲ့မှ သတင်းပြန်ကြားတာဝန်ခံ ကိုအဂ္ဂကပြောသည်။
” Jumper တွေ တအားများလို့ပါ၊ တစ်စင်းက သူတို့လက်ထဲရောက်သွားတယ်။ ရွာထဲမှာ ပျက်ကျသွားတာဆိုတော့။ နောက်တစ်စင်းက လုံးလုံး ပျက်စီးသွားတာဗျ ” ဟု ကိုအဂ္ဂကပြောသည်။
အထက်ပါစစ်ဆင်ရေးကို Myaing U.A.V Fighter တပ်ဖွဲ့ ၊ မြိုင် ပကဖ တပ်ရင်း၂ ၊ MPLတိုက်နယ်၄ပကဖ ၊ EarthQuake Defense Force ၊ မြိုင် ပကဖ တပ်ရင်း၁ ခွဲ၃ ၊ နဂါးနီတပ်ခွဲ၁ ၊ GOE Defense Forceတို့ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် မတ်လ ၂၀ရက်ကလည်း မြိုင်မြို့နယ် ကိုင်းတောမဆေးခန်းရှေ့တွင် စစ်ကောင်စီစစ်ကြောင်းနှင့် မြိုင်ပကဖတို့ အနီးကပ်တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃ဦးသေဆုံးကာ သေနတ် ၂လက်ရရှိခဲ့သေးသည်။