စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း ကျားဘီလူးစစ်ကြောင်းနှင့် ၂ ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲ၌ စစ်သား ၈ ဦးသေဆုံးခဲ့ ကြောင်း ဗမာ့အမျိုးသားတော်လှန်ရေးတပ်မတော် (BNRA)ထံက သိရသည်။
ပုလဲမြို့နယ်အတွင်း ကျားဘီလူးစစ်ကြောင်းနှင့် အောက်တိုဘာ ၃၀ ရက်နှင့် နိုဝင်ဘာ ၁ ရက်တို့တွင် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်သား၉ဦးလည်း ဒဏ်ရာရခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၃၀ ရက်တွင် ပုလဲမြို့နယ်၊စည်ပင်ရွာအနီး၌ ကျားဘီးလူးစစ်ကြောင်းကို အလစ်အ ငိုက် တိုက်ခိုက်ခဲ့ရာ စက်လတ်သမားနှင့်လက်နက်ကြီးသမားတို့အပါအဝင် ၆ ဦး သေဆုံးခဲ့ကြောင်း BNRA ပြောခွင့်ရ ရဲဘော်ဆာန်က ပြောသည်။
“တိုက်ပွဲချိန် ၂၅ မိနစ် suprise ဖြစ်သွားလို့ စစ်တပ်က ချက်ချင်းဆုတ်ခွာသွားတာ” ဟု ၎င်းက ပြော သည်။
နိုဝင်ဘာ၁ရက်၊မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်ခန့်တွင် မြောက်ယမားဆည်ဘောင်အနီး BNRA စနိုက်ပါ တပ်စု၏ ပစ်ခတ်မှုကြောင့် စစ်သား၂ ဦး ထပ်မံသေဆုံးခဲ့ကြောင်း သိရသည်။
ကျားဘီလူးစစ်ကြောင်းထံမှ G3 သေနတ်တစ်လက် ၊ ဆွဲကြိုး ၄ ကုံး၊ မိုဘိုင်းဖုန်း ၁၇ လုံး၊ အထိုင်ဖုန်း ၁လုံး၊ ၁၆၀ (မမ) ဒုံး ၂ လုံးနှင့် ကျည် ၁၃ တောင့်တို့ သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။
” ကျားဘီလူးစစ်ကြောင်းက သဲကုန်းရွာကိုဝင်ပြီး လူအစုလိုက်သတ်သွားပြီးနောက်ပိုင်း ဂျက်စက္ကူပေါ်မှာ ရေးထားခဲ့တဲ့ စစ်ကြောင်း။ သူတို့က ပြည်သူကို အကြောက်တရားဝင်ဖို့ လုပ်ခဲ့တာပါ။ ကျားဘီလူးစစ်ကြောင်းရယ်လို့ နာမည်သွင်းလာတာပါ။ဖမ်းမိသူတွေကို ရက်ရက်စက်စက် သတ်တာမို့ နာမည်ကြီးပါတယ်” ဟု ပုလဲဒေသခံတစ်ဦးက ဆိုသည်။
လက်ရှိတွင် BNRA အနေနှင့် ရန်ပုံငွေ လုံလောက်မှု မရှိခြင်းနှင့် လက်နက်ခဲယမ်းလိုအပ်နေခြင်းတို့ကြောင့် တိုက်ပွဲ ဆက်တိုက်ဖော်ဆောင်ရန် အခက်အခဲများ ဖြစ်နေကြောင်း သိရသည်။
စစ်သားများ သေဆုံးဒဏ်ရာရမှုအပေါ် MPA အနေနှင့် သီးခြား အတည်မပြုနိုင်ပေ။