၁၀၂၇ စစ်ဆင်ရေးကို အထောက်အပံ့ဖြစ်စေရန် မကွေးတိုင်း၊ မြိုင်၊ ပေါက်နှင့် ရေစကြိုမြို့နယ်တို့တွင် စစ်ရေးအရှိန် ပိုမိုမြှင့်တင်သွားမည်ဖြစ်ကြောင်းသိရသည်။
အောက်တိုဘာ ၂၇ ရက်နေ့တွင် ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သည့် ကိုးကန့် (MNJP/MNDAA)၊ တအောင်း (PSL/TNLA)နှင့် ရက္ခိုင် (ULA/AA) တို့က ၁၀၂၇ စစ်ဆင်ရေးကြေညာပြီး ရှမ်းမြောက်ဒေသတွင် ထိုးစစ်ဆင် လျက်ရှိရာ အညာဒေသတွင်လည်း စစ်ရေးအရှိန်မြှင့်တင်သွားမည်ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကပြောသည်။
သို့သော် ၁၀၂၇ စစ်ဆင်ရေးကို အထောက်အပံ့ဖြစ်စေရန်အတွက် ပြုလုပ်မည့်စစ်ဆင်ရေးများသည် စစ်ရေးလျှို့ဝှက်ချက်ဖြစ်သည့်အတွက် MPA သို့ထုတ်ဖော်ပြောကြား ခြင်းမရှိသေးပေ။
“ နေ့တိုင်းလိုလို စစ်ဆင်ရေးတွေလုပ်နေတာတွေရှိတယ်ဗျ။ ၁၀၂၇အတွက် အထောက်အပံ့ဖြစ်စေမဲ့ စစ်ရေးမစ်ရှင်တွေလည်း လုပ်နေတာရှိတယ်ဗျ။ သူတို့ဘက်မှာလုပ်သလို ကျနော်တို့ဘက်မှာလည်းလုပ်နေတယ်။ အဲ့လိုနည်းနဲ့ ပူးပေါင်းပါဝင်နေတယ်။ ဒါတွေက ချပြလို့မရသေးတဲ့အတွက် pageမှာလည်း ဖော်ပြထားတာတွေမရှိသေးဘူးဗျ” ဟု မြိုင်မြို့နယ် မြောက်ပိုင်းဇုန် ပကဖတာဝန်ခံ ဗိုလ်ခရော့စ်ကပြောသည်။
မြိုင်မြိုနယ်ရှိ စစ်တပ်အင်အားများ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသသို့ ရောက်မသွားစေရန် စစ်မျက်နှာအစုံဖွင့်ကာ တိုက်ခိုက်နေကြောင်း မြိုင်မြိုနယ်ပကဖသတင်းပြန်ကြားတာဝန်ခံ က ပြောသည်။
၁၀၂၇ စစ်ဆေးရေးကို ကြိုဆိုထောက်ခံသည့် အနေဖြင့် တိုက်ပွဲများဖော်ဆောင်တော့မည်ဖြစ်ပြီး ယင်းစစ်ဆေးရေးနှင့်အတူ ဟန်ချက်ညီစစ်ဆင်ရေးများလုပ်ဆောင်တော့မည်ဖြစ်ကြောင်း ပေါက်မြို့နယ်ပကဖမှ တာဝန်ရှိသူတဦးကလည်း ပြောသည်။
“ ၁၀၂၇ကို သီးသန့် ကြိုဆိုထောက်ခံဖို့ ရည်ရွယ်ပြီး ခရိုင်ရင်းတွေနဲ့ ပကဖတွေပူးပေါင်းပြီး စစ်ဆင်ရေး လုပ်ဆောင်ဖို့ရှိတယ်။ ဘယ်နေရာတွေ လုပ်မယ်ဆိုတာတော့ ပြောလို့မရဘူးပေါ့။ လတ်တလောလည်း တိုက်တိုက်ဆိုင်ဆိုင် စစ်ကြောင်းလည်းရှိနေတော့ ကာကွယ်ရေးအဖွဲ့တွေက နေ့တိုင်း ထိတွေ့နေတာတွေရှိတယ်” ဟု ၎င်းကပြောသည်။
စစ်ဆင်ရေးများအရှိန်မြှင့်တင်ရန်ရှိသော်လည်း လက်နက်ခဲယမ်းမပြည့်စုံသည့် စိန်ခေါ်မှုကို ရင်ဆိုင်နေရသည့်အတွက် စစ်တပ်အား ဖိအားပေးနိုင်ရုံသာ လုပ်နိုင်ဦးမည်ဟု Myingyan Black Tigerအဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲကပြောသည်။
“ သူတိုဘက်မှာ လက်နက်ခဲယမ်းပေါတယ်။ လက်နက်ကြီးလည်း စစ်တပ်နဲ့အပြိုင်သုံးနိုင်တယ်။ ကျနော်တို့ အညာဘက်ကျ လက်နက်ခဲယမ်းအားနည်းတယ်။ သူတို့လို စခန်းသိမ်းတိုက်ပွဲတွေလုပ်နိုင်ဖို့ ခက်ပေမဲ့ ဖိအားပေးတဲ့ပုံစံနဲ့တော့ တိုက်ဖို့ရှိပါတယ်” ဟု ၎င်းကပြောသည်။
မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့တွင် တော်လှန်ရေးအင်အားစုများက ၁၀၂၇ စစ်ဆင်ရေးကို ကြိုဆိုထောက်ခံသည့် လှုပ်ရှားမှုများဆောင်ရွက်နေသလို စစ်ရေးမစ်ရှင်များကို လည်း အရှိန်အဟုန်ဖြင့်လုပ်ဆောင်ရန် ပြင်ဆင် နေကြကြောင်း MPA ကစုံစမ်းသိရသည်။