ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွမ်းလုံမြို့ တောင်ပိုင်း၊ ကံမိုင်းဒေသရှိ စစ်ကောင်စီ ခလရ ၁၄၃တပ်ရင်းမှ ဒုတပ်ရင်းမှူး ဦးဆောင်သည့် ၄၁ ဦးပါ စစ်တပ်စခန်းတစ်ခုလုံးသည် ညီနောင်မဟာမိတ်သုံးဖွဲ့ထံ အလင်းဝင်ရောက်ခဲ့ကြောင်း MNDAA မှ ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းက MPA သို့ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၃၀ ရက်က ဒုတပ်ရင်းမှူး ၁ဦး၊ တပ်ခွဲမှူး ၂ ဦးပါဝင်သည့် စစ်ကောင်စီတပ်သား ၄၁ ဦးသည် ညီနောင်မဟာမိတ်သုံးဖွဲ့ထံ လက်နက်ချအလင်းဝင်ရောက်ခဲ့ခြင်းဖြစ်သည်။
“၂၈ ရက်နေ့က သူတို့နဲ့ တွေဖို့တောင်းဆိုခဲ့တယ်။ ၂၉ ရက်မှာ နှစ်ဦးနှစ်ဘက်တွေ့ဆုံဆွေနွေးပြီးတော့၊ ၃၀ ရက်နေ့မှာ သူတို့ကလက်နက်ချပြီးအလင်းဝင်လာခဲ့တယ်။ အလင်းဝင်လာတဲ့သူတွေကို ကောင်းကောင်းမွန်ကျွေးမွေး ပြုစုပေး ထားတယ်။ သူတို့လုံခြုံရေးအတွက် ဘယ်လိုထားပေးမှာလဲ၊ ဘယ်လိုလုပ်ပေးမှာလဲဆိုတာတော့ စီစဉ်နေတုန်ပါ” ဟု MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းက ပြောသည်။
အလင်းဝင်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၁) ဦးအား တစ်ဦးလျှင် လမ်းစရိတ် (၁၅)သိန်း (စုစုပေါင်း သိန်း ၇၀၀ ကျော်)ပေးပြီး လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ကြောင်း ကိုးကန့်မီဒီယာက ထုတ်ပြန်ထားသည်။
အလင်းဝင်ရောက်ခဲ့သည့် ခလရ (၁၄၃) စစ်သားများထံမှ သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများသည် ဆက်သွယ် ရေးစက် (၃) ခု၊ ရိုင်ဖယ်သေနတ် (၂၇) လက်၊ စက်လက်အငယ် (၅) လက်၊ RPG (၂) လက်၊ Sniper (၁) လက်၊ စက်လက်အကြီး (၂) လက်၊ Type -82 စိန်ပြောင်း (၁) လက်၊ ၆၀မမ စိန်ပြောင်း (၂) လက်၊ ၅.၅၆ ကျည် (၁၁) ဖာ၊ ၅.၅၆ Shot Gun ကျည် (၈၀၀၀)တောင့်၊ အီနာဂါ (၃) ဖာ၊ ရိုင်ဖယ်ကျည်ကပ် (၁၃၀) ခု၊ MA-4 ဗုံးသီး(၈၀) လုံး၊ ဗုံးသီး အမျိုးမျိုး (၂၄၇) လုံး၊ ၈၂မမ ဗုံးသီး (၉၁) လုံး၊ ၁၀၀မမ ဗုံးသီး (၄၆) လုံး ၊ MA-4 (၄)လက် ၊ လက်ကိုင်ဖုန်း (၂၈) လုံး၊ စကားပြောစက် (၇) ခု၊ ဆန် (၃၈) အိတ်၊ Readymade Food (၁၂) ဖာ၊ ကုလားပဲ (၃) ပုံး၊ ဆေး (၅) ဖာ၊ စားသုံးဆီ (၃) ပုံး၊ လောင်စာဆီ (၃) ပုံး၊ ဝက် (၁) ကောင်တို့သိမ်းဆည်းရမိခဲ့သည်။
ရှမ်းမြောက် ၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲ ၅ ရက်အတွင်း မဟာပိတ်(၃) ဖွဲ့ဆီကို အလင်းဝင်လာသည့် စစ်ကောင်စီ၏ တပ်သား အယောက် ၁၀၀ ကျော်ရှိနေပြီဖြစ်ကြောင်း၊ ညီနောင်မဟာမိတ်သုံးဖွဲ့က အောက်တိုဘာ ၃၁ ရက်တွင် ထုတ်ပြန်ထားသည်။