ကရင်ပြည်နယ်၊ကော့ကရိတ်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာသောတပ်ကို တော်လှန်ရေး ပူးပေါင်း တပ်က မြေပြင်ရောဝေဟင်ကပါ ခုခံတိုက်ခိုက်ခဲ့ရာ တပ်ရင်းမှူုးအပါအဝင် စစ်သား ၆ဦး သေဆုံးခဲ့ကြောင်း Southern Eagle – PDF က သတင်းထုတ်ပြန်သည်။
အောက်တိုဘာ၂၄ရက်၊နံနက် ၃ နာရီခွဲခန့်က ကော့ကရိတ်မြို့နယ်၊ကျားဖြူစစ်ကြောင်း ထိန်းချုပ်နယ်မြေအတွင်းရှိ ဆင်ကုန်းကျေးရွာတွင် အထိုင်ချရန် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ခုခံတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ခမရ-၂၀၇ တပ်ရင်းမှ တပ်ရင်းမှူး ဒုဗိုလ်မှုးကြီး ငြိမ်းချမ်းကိုကို သေဆုံးကာ ၈ ဦးထက်မနည်း ဒဏ်ရာရရှိကြောင်း သိရသည်။
စစ်ကောင်စီတပ်အင်အား ၈၀ခန့်ကို တော်လှန်ရေး ပူးပေါင်းတပ်က ဆင်ကုန်းရွာနှင့် တတန်ကူးကျေးရွာကြားတွင် ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“အလောင်းတွေ ကောက်သွားတာ ဆွဲသွားတာ ဒရုန်း ကနေမြင်နေရပါတယ်။ရန်သူက ကစဥ့်ကလျားပြန်ပြေးရတဲ့သဘောပါ။ကျနော်တို့သိရသလောက် ကျနော်တို့ရဲဘော် ၂ ယောက် ဒဏ်ရာရတယ်။လောလောဆယ်တော့ စိုးရိမ်ရတဲ့ အခြေအနေမရှိသေးပါဘူး။ကျနော်တို့ ပွဲကရင် ရန်ပုံငွေက တအားကုန်တော့ ကျနော်တို့ မြို့သိမ်းတစ်ရာ ကမ်ပိန်းကိုလည်း ပြည်သူတွေပါဝင်ပေးကြပါဦး”ဟု Southern Eagle-PDF တာဝန်ခံ ကပြောသည်။
တိုက်ပွဲဖြစ်ပွားနေစဥ်အတွင်း ကော့ကရိတ်အခြေစိုက် စကခ-၁၂ နှင့် ခလရ- ၉၇ တို့မှ လက်နက်ကြီးဖြင့် ညအချိန်ထိ ပစ်ကူပေးခဲ့ကြောင်းလည်းသိရသည်။
စစ်ကောင်စီတပ်ဘက်က မြေပြင်တိုက်ပွဲ၌ အရေးနိမ့်ကာ တပ်ရင်းမှူးကျဆုံးခဲ့သည့်အတွက် မွန်းလွဲ ၁ နာရီခွဲ ဝန်းကျင်တွင် လေယာဥ်ဖြင့် ၅ ကြိမ် လာရောက်ပစ်ခတ်ခဲ့ကြောင်းသိရသည်။
“ တိုက်ပွဲဖြစ်ပြီး နည်းနည်း ပြန်ငြိမ်တဲ့အချိန်မှာ ဝေဟင်ရော မြေပြင်ရော ကျနော်တို့က ခုခံတယ်။အဲ့အချိန်မှာ သူတို့ဘက်က လေယာဥ်နဲ့ လာပစ်တော့ ကျနော်တို့ရပ်လိုက်တယ်။ခဏ ပြန်ပုန်းနေလိုက်တယ်။အဲ့ကတည်းကနေ ညအထိ လက်နက်ကြီးတွေနဲ့ တောက်လျှောက်ပစ်နေတာ။တိုက်ပွဲအခြေအနေက ဒီနေ့(အောက်တိုဘာ ၂၅ ရက်) စောင့်တော့ ကြည့်ရဦးမယ်။ဆက်ပြီး ပြင်းထန်ဖို့ရှိတယ် ”ဟု KLOUD Drone တပ်ဖွဲ့ မှ တာဝန်ရှိသူ ရဲမေ ကပြောသည်။
စစ်ကောင်စီစစ်ကြောင်းသည် သေဆုံးစစ်သားများနှင့်ဒဏ်ရာရရှိသူများကို သယ်ဆောင်ကာ ကော့ကရိတ်မြို့ပေါ်သို့ ပြန်လည်ဆုတ်ခွာသွားကြောင်းသိရသည်။
ယင်းတိုက်ပွဲအတွင်း ကျားဖြူတပ်ခွဲ(၂)မှ ရဲဘော်တစ်ဦးနှင့် Southern Eagle PDF တပ်ဖွဲ့မှ ရဲဘော်တစ်ဦး ဒဏ်ရာရရှိခဲ့ပြီး မစိုးရိမ်ရကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို Shar Htoo Waw နည်းပညာဖြင့် KLOUD၊ Angry Bird Drone Ranger၊ ကျားဖြူစစ်ကြောင်းတပ်ခွဲ(၂)၊တပ်ခွဲ(၄)၊တပ်ခွဲ(၅)၊ Justice Soldier-PDF၊ တပ်ရင်းရုံးလုံခြုံရေးတပ်ခွဲ(Southern Eagle-PDF)၊ Justice Wing၊Power Of Ababil (POA)နှင့် တောင်ငူခရိုင်တပ်ရင်း-၃၅၀၂ တပ်ခွဲ(၁)Drone တပ်ဖွဲ့တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်သည်။
စစ်သာများသေဆုံး၊ဒဏ်ရာရခြင်းအပေါ် MPA အနေနှင့် သီးခြား အတည်မပြုနိုင်ပေ။