ပဲခူးတိုင်း၊နတ်တလင်းမြို့နယ်၊တောင်ညိုနယ်အတွင်းရှိ နိုင်ငံပိုင် ဆင်များကို စစ်တပ်က ပြန်ခေါ်သွားကြောင်း သိရသည်။
အောက်တိုဘာလ ၁၉ ရက်၊ နံနက်ပိုင်းက နတ်တလင်းမြို့နယ်၊တောင်ညိုဆင်ဝိုင်းမှ ဆင်ဦးစီးများနှင့် ၎င်းတို့၏ မိသားစုဝင်များအပါအဝင် ဆင် ၃၁ ကောင်ကို မင်းလှမြို့နယ် ဆင်စခန်းသို့ စစ်ကောင်စီတပ်က ပြန်လည် ခေါ် ဆောင်ခဲ့ခြင်းဖြစ်ကြောင်းနတ်တလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံက သိရသည်။
“စစ်တပ်က ဆင်တွေနဲ့ ဆင်ဦးစီး မိသားစုဝင်တွေအမျိုးသမီးတွေ၊ ကလေးငယ်တွေကိုလူသားဒိုင်းအဖြစ်ပါ တစ်ခါတည်းခေါ်ဆောင်သွားပါတယ်။ ခန့်မှန်းခြေ ၁၅၀ လောက်ရှိတယ်ဗျ။ CDM လုပ်ထားတဲ့ ဆင်ဦးစီးတွေကတော့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့အနီးနားမှာ ရှိကြပါတယ်။ ဆင်ဦးစီးက ၁၅ ယောက်လောက် CDMလုပ်တာ။ဆင်ကတော့ ၁၃ ကောင်။ CDMလုပ်တဲ့ ဆင်ဦးစီး အရေအတွက်ကတော့ ခန့်မှန်းပါ။သေချာမသိသေးပါဘူး” ဟု နတ်တလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ရုံးအဖွဲ့မှူး ကပြောသည်။
အောက်တိုဘာလ ၁၈ ရက်၌ နတ်တလင်းမြို့နယ်၊ထွေအုပ်ရုံးတွင် ပဲခူးတိုင်း ဒုတိုင်းမှူး၊ ဒကစမှူး၊ သစ်တောဝန်ကြီးနှင့် စစ်ဗျူဟာမှူးတို့သည် မြို့ခံထွေအုပ်၊ သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ CDM ဆင် ၁၃ ကောင် ပြန်လည်ရရှိရေး ဆွေးနွေးခဲ့ကြောင်းလည်းသိရသည်။
“ဆင်တွေကို ထိန်းနိုင်ရင် ခေါ်သွားတာပြသနာမရှိပါဘူး။ဒီအတိုင်း တောထဲလွှတ်ထားပြန်ရင်လည်း တောစိတ်ဝင်ပြီး လူတွေလိုက်သတ်နေမှ ပြဿနာဖြစ်မှာ။ သူ့ဆင်ဦးစီးနဲ့သူ ထားမှ ရေရှည်မှာအဆင်ပြေတာ။ပဲခူးရိုးမ ဆင်က ရခိုင်ရိုးမ ကဝါးတွေကို မစားတတ်ဘူး။ဝါးရွက်က ကြမ်းတယ်၊ ရခိုင်ရိုးမက ဝါးတွေက။တို့ဆီမှာက ဝါးရုံလိုက်ပေါက်တာ။သူ့အရပ်နဲ့သူ စားတတ်ကြတာပေါ့” ဟု ဆင်ပိုင်ရှင် တစ်ဦးကပြောသည်။
ယခုနှစ် အောက်တိုဘာ ၁၈ ရက်နေ့တွင် ဆင်ဦးစီး၊မိသားစုဝင် ၃၀ခန့်နှင့် ဆင် ၁၃ ကောင်တို့ CDM ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
“ဆင်ဦးစီးတွေက ဆင်တွေနဲ့ CDM ပြုလုပ်သွားတာကို နတ်တလင်းထွေအုပ်မှာ အစည်းဝေးလုပ်ကြတယ်။အဲ့ဒါကို CDMလုပ်တယ်လို့ အထက်ကိုမတင်ဘဲ PDF တွေက ဆင်ဝိုင်းကို ဝင်တိုက်တာလို့ သတင်းထုတ်တယ်” ဟု PDF နှင့်နီးစပ်သူ ဒေသခံ တစ်ဦး ကပြောသည်။
CDM ဆင်များ ပြန်လည်ရရှိရေးအတွက် စစ်တပ်က စစ်ကြောင်းထိုးလာနိုင်ကြောင်း ၎င်းက ခန့် မှန်း သည်။