စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကံဇီးပျူရွာမှ စားနပ်ရိက္ခာရှာဖွေရန် နှင့် ရှေ့ကင်းထွက်လာသည့် ရဲတပ်သား (၂) ဦး သေနတ်ဖြင့်အပစ်ခံရပြီးသေဆုံးကာ၊ ၎င်းတို့ ကိုင်ဆောင်ထားသည့် သေနတ် ၂လက်နှင့် ဆက်စပ်ပစ္စည်းများကို PDF များက သိမ်းဆည်းရမိခဲ့ကြောင်း သိရသည် ။
ယမန်နေ့(အောက်တိုဘာ ၁၉ရက်)၊ မနက် ၇နာရီခန့်က ကံဇီးပျူရွာမှ ရိက္ခာရှာထွက်လာသော၊ ရဲတပ်ရင်း(၂၆)မှ ရဲတပ် သား ထွန်းကျော်စွာ(ခ)ထွန်းထွန်းနှင့် ရဲတပ်သား အောင်ဆန်းမြင့်တို့ကို၊ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၂ဦးလုံးသေဆုံး၍ G3 (၂)လက်၊ ကျည်အိမ်(၅)ခု၊ 7.62ကျည် (၁၅၀)၊ ကျည်ကာအင်္ကျီ (၁)ထည်၊ လက်ကိုင်ဖုန်း (၁)လုံး၊ ဆိုင်ကယ် (၁)စီး၊ ဘေးလွယ်အိတ်(၁)လုံး၊ ဓားရှည် (၁)လက်နှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း မုံရွာခရိုင်တပ်ရင်း(၅) A.S.F က သတင်းထုတ်ပြန်သည်။
” ကျွန်တော်တို့ မိုင်းပွိုင့်တွေကို ကင်းစောင့်နေကြတဲ့အချိန်ပေါ့ ၊ ပွိုင့်တွေက ကံဇီးပျူရွာနဲ့ တော်တော်နီးတယ်။ သူတို့ နှစ်ယောက်ထွက်လာတာ မြင်တာနဲ့ လက်နက်ငယ်တွေနဲ့တောက်လျှောက်ပစ်ခတ်ခဲ့တာ၊ ပစ်ခတ်ချိန်က ၅ မိနစ် လောက်ကြာတယ်။ တစ်ယောက်က နေရာမှာတင်သေသွားတယ်။ နောက်တစ်ယောက်က အရှင်မိလိုက်တာ၊ ဒဏ်ရာ အပြင်းအထန်ရထားတာဆိုတော့ နာရီဝက် အတွင်းပဲ သေသွားတယ်။ နှစ်ယောက်လုံးကိုတော့ သဂြိုဟ်ပေးပြီးပါပြီ” ဟု မုံရွာခရိုင် အမှတ် (၅) တပ်ရင်း၊ သတင်းပြန်ကြားတာဝန်ခံ က MPA သို့ ပြောသည် ။
ယင်းဖြစ်စဉ်နှင့် ပတ်သတ်၍ အနီးဝန်းကျင်ရှိ ဒေသခံတစ်ဦးမှ ” ကံဇီးပျူရွာနားမှာ ပစ်ခတ်မှု့ဖြစ်တာတော့ ကြားမိ တယ်ဗျ၊ မနက်ပိုင်းမှာ ပစ်သံတွေကြားလိုက်တယ်။ ရဲတွေ ပစ်ခံရတာ၊ သူတို့ ပျုရွာထဲက ဘာလို့ထွက်လာတာလဲတော့ သေချာမသိဘူး။ ဒါပေမဲ့ ပျူရွာထဲမှာ ရိက္ခာပြတ်နေတာ၊ ကြာပြီလို့တော့ ကျွန်တော်တို့သိရတယ် ” ဟု ပြောသည် ။
ကံဇီးပျုရွာနှင့် ကင်မွန်းတော်ပျုရွာသို့ ချောင်းဦးမြို့ပေါ်ရှိ စစ်ကောင်စီတပ်သားများမှ လေးလတစ်ကြိမ် စစ်ကြောင်း ထိုး၍ ရိက္ခာလာပို့လေ့ရှိပြီး၊ ရိက္ခာမပို့သည့်မှာ ငါးလခန့်ရှိပြီဖြစ်သည်ဟု Chaung U Revolution News မှ အဖွဲ့ဝင် တစ်ဦးက ပြောသည်
” ပုံမှန်ကတော့ လေးလတစ်ခါ လာပို့တယ်။ အခုတော့ မပို့တာ တော်တော်ကြာပြီ ။ ငါးလလောက်ရှိပြီဗျ ။ များသော အားဖြင့် သူတို့ ရိက္ခာပို့ပြီဆိုရင် လမ်းတစ်လျှောက်ကရွာတွေကို စစ်ကြောင်းထိုးတယ်။ ပို့တဲ့ရိက္ခာကတော့ မျိုးစုံပါဘဲ၊ သူတို့ လုယက်ပြီးရလာတာတွေရော၊ ပျုရွာထဲက မှာတာကို ဝယ်ပေးပြီး ပို့တာတွေရော “ ဟု ၎င်းက ပြောသည်။
အထက်ပါတိုက်ခိုက်မှုအား ဗျုဟာတပ်ရင်း(၄)ရင်း ဖြစ်သော မုံရွာခရိုင်တပ်ရင်း(၅) Aung San Force A.S.F ၊ မုံရွာခရိုင်တပ်ရင်း(၇) ၊ မုံရွာခရိုင်တပ်ရင်း(၂၅)သံမဏိ Force MPDF၊ မုံရွာခရိုင်တပ်ရင်း(၂၈) တို့နှင့်အတူ We Must Winမီးတောက်တပ်ခွဲ(၄)တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည် ။