ကချင်ပြည်နယ်၊ မြစ်ကြီးနား – ဗန်းမော်လမ်းမပေါ်ရှိ လိုင်လွမ့်အောင်ဂျာ စစ်ကောင်စီတပ်စခန်းကို ကချင်လွတ် မြောက်ရေးတပ်မတော် (KIA) မှ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီမှ လေကြောင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။
စစ်ကောင်စီတပ်သား ၁၀၀ ကျော် အထိုင်ချထားသည် လိုင်လွမ့်အောင်ဂျာ စစ်ကောင်စီ တပ်စခန်းကို ယနေ့(စက်တင်ဘာ ၁၆ ရက်) မနက် ၆ နာရီခန့်မှ စတင်၍ KIA တပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ရာ မနက် ၈ နာရီခွဲ တွင် သိမ်းပိုက်နိုင်ခဲ့ ခြင်းဖြစ်သည်။
“ လိုင်လွမ်အောင်ဂျာတပ်စခန်းကို သိမ်းပြီးတော့ မကြာပါဘူး ဂျက်ဖိုက်တာနှစ်စီးနဲ့ ဗုံးလာကြဲသွားတယ်။ ပထမတစ်စီးက လိုင်လွမ်အောင်ဂျာကို ပတ်ပြီးကြဲတယ်။ နောက်တစ်စီးကလည်း နေရာအနှံ့ပဲ ထပ်ပြီးဗုံးကြဲတယ်။ ” ဟု သတင်းရင်းမြစ်က ပြောသည်။
အဆိုပါ တပ်စခန်းတိုက်ခိုက်သိမ်းပိုက်မှုတွင် KIA ဘက်မှ စစ်အင်အား ၁၀၀ ကျော်ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နှစ်ဘက်ထိခိုက်ကျဆုံးမှုများကို အတည်မပြုနိုင်သေးကြောင်း သတင်းရင်းမြစ်ကပြောကြားသည်။
ထိုကဲ့သို့ တိုက်ပွဲဖြစ်ပွားခဲ့မှုကို KIA/KIO ဌာနချုပ်၊ လိုင်ဇာမြို့အနီးရှိ နမ်ဆန်ယန်၊ အောင်ဂျာ၊ နှင့် မဒီးယန်ကျေးရွာများ ပြည်သူများမှလည်း လက်နက်ကြီး၊ လက်နက်ငယ်သံများကြားရကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“ မနက် ၆ နာရီလောက်ကတည်းက အသံတွေကြားနေရတာ။ လိုင်လွမ့်အောင်ဂျာဘက်မှာ ဖြစ်တာလို့သိရတယ်။ စစ်တပ်ကလည်း လေယာဥ်ပါသုံးတယ်။ ပစ်ခက်သံတွေကတော့ ကြားနေတုန်းပဲ။” ဟု ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်မှ ယခုနှစ် ဇူလိုင်လဆန်းမှစတင်ကာ KIA ဌာနချုပ်အနီး၊ မြစ်ကြီးနား – ဗန်းမော်လမ်းမပေါ်ရှိ နမ့်ဆန်ယန်၊ အောင်ဂျာ၊ မဒီးယန်ကျေးရွာ နှင့် ဒေါ့ဖုန်းယန်မြို့ စသည့် ရှေ့တန်းနယ်မြေများသို့ အင်အားထောင်ချီပို့ဆောင်ကာ ထိုးစစ်ဆင်နေသည့်အတွက် စစ်ရေးလှုပ်ရှားမှု့များ ပိုမိုပြင်းထန်လာနိုင်ကြောင်း သက်ဆိုင်ရာဌာနများမှလည်း အသိပေးထားသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၉ ရက်နေ့က ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ၂၀ ကျော်သေဆုံးကာ လက်နက်များ သိမ်းဆည်းရမိခဲ့သည်။