မကွေးတိုင်း၊ရေစကြိုမြို့အဝင်တွင် ကင်းလှည့်လာသော စစ်သားများ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံးကြောင်း ရေစကြို(ပကဖ) ထံကသိရသည်။
ယနေ့ နံနက် ၇ နာရီ ခွဲခန့်က ရေစကြိုမြို့အဝင် အမှတ် ၇ ရပ်ကွက်ရှိ သင်္ချိုင်းအနီးတွင် ကင်းလှည့်လာသော စစ်သား ၃၀ ဝန်းကျင်ကို မိုင်း ၆ လုံးတွဲဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“မြို့အဝင် သင်္ချိုင်းကုန်း မြောက်ဘက် တာဘောင်အောက်မှာ စစ်သား ၃၀ ထဲကမှ မိုင်းပွိုင့်ပေါ်ရောက်နေတဲ့ စစ်သား ၅ ဦးကို မိုင်းဆွဲလိုက်တာ။နေရာမှာပဲ လွင့်ထွက်ကုန်တယ်။နေရာမှာပဲ သေတယ်ဗျ။ရေစကြိုမှာက တပ် ၂ တပ်ရှိတော့ ဘယ်တပ်က လည်းဆိုတာ အတည်ပြုဖို့ခက်တယ်။ကျနော်ကလည်း ဒီမစ်ရှင် ကိုတစ်ယောက်တည်း လုပ်ရတာရယ် မြို့နဲ့လည်းနီးတာရယ်ကြောင့် မှတ်တမ်းမယူနိင်သလို သေနတ်တွေလည်း မကောက်ခဲ့နိုင်ဘူး”ဟု ရေစကြိုမြို့နယ်(ပကဖ)မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
မိုင်းဆွဲခံရအပြီး စစ်သားများက ပြန်လည်ပစ်ခတ်ခြင်းမရှိသလို သေဆုံးသွားသည့် စစ်သားတို့၏အလောင်းများကိုလည်း ချက်ချင်း လာရောက်သယ်ဆောင်ခြင်းမရှိပေ။
စစ်သားများသေဆုံးထိခိုက်မှုကို MPA အနေဖြင့်သီးခြားအတည်မပြုနိုင်ပေ။
ဧပြီလ ၃ ရက်နေ့ကလည်း ရေစကြိုမြို့နယ် မအူရဲစခန်းကို ရေစကြို(ပကဖ)နှင့်အတူ မဟာမိတ်တပ်ဖွဲ့များပူးပေါင်းတိုက်ခိုက်ခဲ့ရာ စခန်းမှူးအပါအဝင် ရဲ ၇ ဦးသေဆုံးခဲ့သည်။