နန်းထိုက်အောင်မြို့ပြစစ်ဆင်ရေး ၆၀ မမ အထူးမစ်ရှင်အဖြစ် အင်းစိန်အကျဥ်းထောင်၏အပြင်ဘက်ခြမ်း အရာရှိများအိမ်ရာနှင့် လုံခြုံရေးတပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီ ဂိတ်တဲအား ၆၀ မမ စိန်ပြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကို SPECIAL OPERATION FORCE (S.O.F)အဖွဲ့က သြဂုတ် ၂၂ရက်နေ့က နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
သြဂုတ်လ ၂၂ ရက်နေ့ နံနက်အစောပိုင်း ၃း၂၀ နာရီတွင် ရန်ကုန် အင်းစိန်အကျဥ်းထောင်၏အပြင်ဘက်ခြမ်းအရာရှိများအိမ်ရာနှင့် လုံခြုံရေးတပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီများ၏ဂိတ်တဲအား ၆၀ မမ စိန်ပြောင်းတစ်လက်ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကို တပ်ဖွဲ့ဝင် Operators များ၏ ကျွမ်းကျင်စွာချိန်ဆပစ်ခတ်နိုင်မှူကြောင့် ပစ်မှတ်(၁) အရာရှိများနေထိုင်သည့်အိမ်ရာသို့ ဗုံးသီးနှစ်ချက်ပစ်မှတ်(၂) အကြမ်းဖက်စစ်ကောင်စီ၂၀ ခန့်တပ်စွဲထားသော ဂိတ်တဲအား ဗုံးသီးနှစ်ချက်စီဖြင့် (ဗုံးသီးလေးချက်) ပစ်ခတ်နိုင်ခဲ့ကြောင်း သြဂုတ် ၂၃ရက်နေ့ကထုတ်ပြန်ခဲ့သည်။
“ အင်းစိန်အကျဥ်းထောင်ဆိုတာ ကမ္ဘာမှာ အဆိုးရွားဆုံး၊ အကျင့်ပျက်ဆုံး၊ လူ့အခွင့်အရေးအချိုးဖောက်ဆုံးနေရာဖြစ်တယ်။ ထောင်မှာလည်းထောင်စည်းမျဥ်းရှိသလို အကျဥ်းသားတိုင်းမှာလည်းအကျဥ်းသားအခွင့်အရေးဆိုတာရှိတယ်။ မတရားအကျဥ်းချ၊ နှိပ်စက်သတ်ဖြတ်နေတာတွေနဲ့ အမျိုးအမျိုးအကျင့်ပျက်ယုတ်မာပြီး အာဏာရှင်လက်ပါးစေလုပ်နေတဲ့ ထောင်အရာရှိနဲ့ဝန်ထမ်းတွေကို အနိုင်ကျင့် သတ်ဖြတ်ခံနေရတဲ့ ပြည်သူတွေဘက်ကရပ်တည်ပြီး ပြည်လည်ခုခံတိုက်ခိုက်တဲ့မစ်ရှင်ပါပဲ ။ မိသားစုတွေ၊ ပြည်သူတွေဆီက နေ့စဥ်ပြန်ကြားနေရတဲ့ သတင်းတွေအရ သူတို့သတ်ဖြတ်နှိပ်စက်တာတွေရဲ့ အပုံတစ်ထောင်ပုံလို့ တစ်ပုံတောင်မရှိသေးဘူးဗျာ၊ တော်လှန်ရေးအောင်မြင်တဲ့အထိ မတရားလုပ်နေသ၍ ဆက်ပြီး တိုက်ခိုက်နေဦးမယ်ဆိုတာလည်း အဲဒီကစစ်ခွေးတွေနဲ့ ထောင်ကလက်ပါးစေဝန်ထမ်းတွေ သိစေရမယ်။ “ဟု S.O.F ပြန်ကြားရေးတာဝန်ခံ အကြီးကောင်ကဆိုသည်။
ပစ်ခတ်တိုက်ခိုက်မှုအပြီး ၃း၄၀ နာရီတွင် အိမ်ရာတဝန်းလုံး မီးများမှိတ်ပြီး လူနာတင်ယာဥ်သုံးစီးနှင့် DC နှစ်စီးဝင်လာကာ သေဆုံးနိုင်ချေရှိသူများနှင့် ပြင်းထန်ဒဏ်ရာရသူ ၁၃ ဦးခန့်အား လာရောက်ထုတ်ယူသွားပြီး အခြားဒဏ်ရာရသူများအား ထောင်ဝန်းအတွင်းနေရာရွှေ့၍ လျှို့ဝှက်ကုသနေကြောင်းသိရသည် ။
သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူဦးရေ အတိကျကိုမူ MPA အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
၆၀မမ ဖြင့် ပစ်ခတ်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၀င်များ အိပ်နေသည့် ဝန်ထမ်းအဆောင်တစ်ခု အမိုးများ၊ အုတ်နံရံများပါ ပြိုကျပျက်စီးခဲ့ပြီး လက်ရှိတွင် ယင်းနေရာအား ပိတ်ဆို့ကာရံထားကာ ဝန်ထမ်းများအားလုံးကို ပြင်ပနှင့်အဆက်အသွယ်ဖြတ်ပြီး သတင်းပိတ်ထားကြောင်းသိရသည်။
SPECIAL OPERATION FORCE (S.O.F) အထူးစစ်ဆင်ရေးတပ်ဖွဲ့ သည် NUG ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန တောင်ပိုင်းတိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့ ၏ တိုက်ရိုက်ညွှန်ကြားချက်နှင့် လုပ်ဆောင်နေသည့်အဖွဲ့ဖြစ်သည်။