စစ်ကိုင်းဒေသကြီး ၊ ပုလဲမြို့နယ်ရှိ မြို့မရဲစခန်းအား မြေလတ်ဒေသပြောက်ကျားပူးပေါင်းတပ်ဖွဲ့ (M. R. G)မှ မဟာမိတ် ၅ လပြည့် အထိမ်းအမှတ်အနေဖြင့် သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့သည်ဟု သတင်း ထုတ်ပြန်ထားသည်။
ဇူလိုင်လ၁၁ရက် ညနေ ၄ နာရီခန့်တွင် မြေလတ်ဒေသပြောက်ကျားပူးပေါင်းတပ်ဖွဲဝင်များက ပုလဲမြို့မရဲစခန်းအား ၈၀ (မမ) လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ရဲစခန်းဘန်ကာထဲသို့ ကျရောက်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးသွားကာ ၅ ဦးဒဏ်ရာ ရှိခဲ့သည်ဟု MRGမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
“ညနေ၄နာရီလောက်မှာ စခန်းနားကို စတင်ပစ်ခတ်ဖို့သွားခဲ့ပြီး ၄ ခွဲလောက်မှာတော့ စတင်ပစ်ခတ်ခဲ့တယ်။ ရဲခွေးတွေ ၃ကောင်သေသွားတယ်။ ဒဏ်ရာရရှိတဲ့သူတွေလည်းများတယ်။ ပြီးတော့ သူတို့ဘက်ကလည်း လက်နက်ကြီးတွေနဲ့ ပြန်ပစ်တယ်။ ကျွန်တော်တို့ ပူးပေါင်းတပ်ဖွဲ့တွေကတော့ ထိခိုက်မှုမရှိ ပြန်ဆုတ်ခွာနိုင်ခဲ့ တယ် ” ဟု မြေလတ်ပြောက်ကျားတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယခုလို ပုလဲမြို့မရဲစခန်းအား သွားရောက်ပစ်ခတ်ခဲ့သည်မှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်းနှင့် ရဲစခန်းအား သွားရောက်ပစ်ခတ်ခဲ့ပြီး ပြန်လာသော ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များကို ကျေးရွာရှိပြည်သူများက အောင်သပြေများနှင့် ကြိုဆိုခဲ့သည်ဟု သိရသည်။
ယနေ့ နံနက်ပိုင်းတွင် ပုလဲမြို့ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက လုံခြုံရေးတင်းကျပ်ထားပြီး မြို့ဝင်ဂိတ်များကို စစ်ဆေးမှုများပြုလုပ်နေသည်။
မြေလတ်ပြောက်ကျားတပ်ဖွဲ့ဝင်များအနေဖြင့် NUG နှင့် ချိတ်ဆက်ထားသော်လည်း ယခုထိတိုင် အထောက် ပံ့မရရှိသေးကြောင်း ၊ အထောက်ပံ့မရရှိသောကြောင့် လက်နက်ခဲယမ်းများ ဝယ်ယူသည့်အခါ အကြွေးဖြင့်သာ ဝယ်ယူနေရကြောင်းကိုလည်း ဖြည့်စွက်ပြောကြားခဲ့သည်။
ပုလဲမြို့မရဲစခန်း တိုက်ခိုက်ခံရပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားများ သေဆုံးမှုနှင့် ပတ်သက်၍ MPAအနေဖြင့် သီးခြားအတည်မပြုနိုင်သေးသလို အကြမ်းဖက်စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်လာမှု မရှိသေးကြောင်း သိရသည်။