စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ်အတွင်းရှိ ကျွန်းပင်ဂိတ်တွင် ပြည်သူများအားမတရားငွေ တောင်းခံနေသည်ဟုဆိုသော အကြမ်းဖက်စစ်ကောင်စီဂိတ်စခန်းအား DRPA ၊ FRFနဲ့ မိုးဦးတပ်ဖွဲ့တို့ပူးပေါင်းဖွဲ့ကာ Drone M9(အီနာဂါ)တစ်လုံး ပစ်ချတိုက်ခိုက်ခဲ့သည်ဟု FRF တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
ယမန်နေ့ ဇွန်လ ၂၉ရက်နေ့ ညနေ ၃နာရီခန့်တွင် ကျွန်းပင်ဂိတ်စခန်းကို Drone အသုံးပြုကာ အီနာဂါဗုံးတစ်လုံး ပစ်ချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီမှ ၁ဦးသေဆုံးကာ ၄ဦးခန့် ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။
“ဒီပဲယင်း ကျွန်းပင်ဂိတ်ဆိုတာက ဒီကောင်တွေ အမြဲတမ်း နေရာယူထားတယ်သူတို့စခန်းရှေ့ကနေ ဖြတ်သွားတဲ့ ပြည်သူတွေကို ဓားပြတိုက်သလိုတွေလုပ်တယ် ဆိုင်ကယ်ဦးထုပ်မပါရင်ပိုက်ဆံပေး ဆိုင်ကယ်လိုင်စင်မပါရင်ပိုက်ဆံပေး၊ လူနှစ်ယောက်ထက်ပိုစီးရင်ပိုက်ဆံပေး သူတို့စခန်းရှေ့ဖြတ်သွား တဲ့သူတိုင်းကို ပိုက်ဆံကောက်တယ် ဘယ်လိုလာလာသူတို့ကို ပိုက်ဆံပေးရတယ် ” FRF တပ်ဖွဲ့ဝင်တစ် ဦးကပြောသည်။
ယခုလို ပြည်သူများအား အကြမ်းဖက်ငွေတောင်းခံနေသည်မှာ သုံးလခန့်ကြာပြီးဖြစ်ကြောင်းနှင့် ကျွန်းပင်ဂိတ်စခန်းတွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက တပ်စိတ်တစ်စိတ်ခန့် လာရောက်နေ ထိုင်ပြီး ၎င်းတို့တောင်းခံသည့် ငွေများမပေးသည့်အခါတွင်လည်း ပြည်သူများအား ရိုက်နက်များလည်း ပြုလုပ်ခဲ့ကြောင်းသိရသည်။
“အဲဒီဂိတ်က ဒီပဲရင်းအရှေ့ဘက်မြို့ဝင်ဘက်မှာရှိတယ် သူတို့တွေကအရှေ့မှာတော့ကင်းတဲ အနောက်မှာတော့ ကြူထရံကပ်နဲ့ တပ်စိတ်တစ်စိတ်စာပေါ့ လာနေတယ် အရှေ့ကင်းတဲမှာတော့ ၆ယောက်လောက်ကင်းစောင့်တယ် ကျန်တဲ့လူတွေက နောက်မှာကင်းဂျူတီမရှိသေးတဲ့သူ တွေနေတယ် ကင်းကျတဲ့သူတွေက လက်နက်အားကိုးနဲ့ ပြည်သူတွေဆီကနေ ငွေတွေတောင်းနေတယ် ပြီးရင်မီတာခတွေပါတောင်းတယ် အစိုးရအလုပ်နဲ့ ပတ်တတ်တာတွေမှန်သမျှလည်း ပြည်သူတွေ ဆီကနေ အတင်းတောင်းတယ် တောင်းလို့မရရင်လက်နက်နဲ့ချိန်းခြောက်တယ် ” ဟု၎င်းကဆက် လက်ပြောကြားသည်။
ကျွန်းပင်ဂိတ်စခန်းသည် Droneဖြင့်ပစ်ခတ်ခဲ့ပြီးနောက် ယနေ့ ဇွန်လ ၃၀ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက လူအင်အားထပ်မံတိုးလာပြီး လမ်းသွားလမ်းလာပြည်သူများကို ယခင်ကထက်စစ်ဆေးမှု များပြုလုပ်နေကြောင်းလည်း ဒေသခံများထံမှ သိရသည်။