By MPA 003
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင် တိုက်ပွဲများဖြစ်ပွားနေပြီး ထွက်ပြေးတိမ်းရှောင်လာရသော ဒေသခံပြည်သူများ များပြားလာသည့်အတွက် နေထိုင်စားသောက်ရန် အခက်အခဲများရှိလာကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ နံနက် ၈ နာရီအချိန်တွင်နောင်ချိုမြို့နယ်၊ လုံခံရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တို့အကြား ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ရာ ဒေသခံပြည်သူများစွာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
“ ကျွန်မတို့က ချက်ချင်းပြေးလာရတော့ ဘာမှမယူခဲ့ရဘူး အချို့ရွာသားတွေဆို အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ပဲ ပြေးလာကြရတယ်။ အခုကျွန်မတို့တွေဘုန်းကြီးကျောင်းမှာ နေနေရတယ် စားဖို့သောက်ဖို့က အဆင်မပြေဘူး။ ညကလည်း လူတွေထပ်ရောက်လာသေးတယ် ” ဟု လုံခံရွာသားတစ်ဦးကပြောသည်။
နောင်ချိုမြို့နယ်အတွင်း စစ်ရေးအခြေအနေများ ဆက်လက်တင်းမာနေခြင်းကြောင့် ဒေသခံပြည်သူများအနေဖြင့် ကျေးရွာထဲသို့ ပြန်လည်နေထိုင်ခြင်းမပြုလုပ်ရဲကြဘဲ ယခုလိုထွက်ပြေးတိမ်းရှောင်ရသည်မှာ ဒုတိယအကြိမ်ဖြစ်ကြောင်းသိရသည်။
“ အရင်ကဆို တစ်ရက်လောက်နေပြီးရင် ရွာထဲကိုပြန်ရပြီ။ အခုက ပစ်ခတ်မှုက ဆယ်ရက်လောက်ကြာ မယ်ပြောနေကြတယ်။ ဘယ်လိုလုပ်ရမှန်းမသိဘူး။ လူတွေကလည်းများလာတယ်။ အခုတောင် စားဖို့သောက်ဖို့က လုံလုံလောက်လောက်မရှိဘူး။ မျှစားနေရတာ ” ဟု ၎င်းကဆက်လက်ပြောသည်။
ထိုပစ်ခတ်မှုနှင့်ပတ်သက်ပြီး မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်မိုးကြိုးမှ
“ မနေ့မနက် ရှစ်နာရီကျော်လောက်မှာဖြစ်တယ်။ တစ်နေကုန် ကြိုကြားကြိုကြားဖြစ်နေတာ။ ညနေလေး နာရီကျော်လောက်မှာ ရဟတ်ယာဉ်နှစ်စီးနဲ့ လာပစ်တယ်။ လောလောဆယ် ဒီလောက်ပဲ ထုတ်ပြန်ပေးလို့ ရမယ် ” ဟု ၎င်းကပြောသည်။
သြဂုတ်လ ၃ ရက်နေ့တွင်လည်း နောင်ချိုမြို့နယ်အနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်ကောင်စီများ ဘက်မှ ခြောက်ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများရှိကြောင်း ဒေသတွင်း စစ်ရေးသတင်းအရင်းအမြစ် ထံမှသိရသည်။