ရန်ကုန်မြို့၌ မြန်မာဘီယာအားစစ်တပ်က ဖိအားပေးရောင်းချစေမှုများ ရှိနေသော်လည်း လူထုက သပိတ် မှောက်ထားသည့်အတွက် သောက်သုံးသူ မရှိသလောက်နည်းပါးကာ မရောင်းရကြောင်း MPA က စုံစမ်းသိရသည်။
ရန်ကုန်မြို့ တရုတ်တန်း ၁၉လမ်း၌ ပြီးခဲ့သည့် ရက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့များက စားသောက်ဆိုင် ပိုင်ရှင်များကို မြန်မာဘီယာ ရောင်းချရန် အတင်းအကျပ် ဖိအားပေးခိုင်းစေခဲ့သည်ဟု ရပ်ကွက်နေပြည်သူတစ်ဦးက MPA ကို ပြောသည်။
” ဟိုတစ်နေ့က စစ်ကောင်စီတွေ ရောက်လာတယ်။ ပြီးတော့ ဆိုင်ရှင်တွေကို မင်းတို့ က မြန်မာဘီယာ ဘာလို့မရောင်းတာလဲ။ ငါတို့ကို ဆန့်ကျင်တာလားဆိုပြီး ဆဲဆို ဖိအားပေးသွားတယ်” ဟု ၎င်းက ဆိုသည်။
သို့သော် တရုတ်တန်း ၁၉လမ်းရှိ စားသောက်ဆိုင်များ၌ လာရောက် စားသုံးသူများသည် မြန်မာ ဘီယာမဟုတ်သည့် တူးပို့၊ ဟန်နီကန် ၊ တိုက်ဂါး စသည့် ဘီယာအမျိုးအစားများကိုသာ ဝယ်ယူ သောက်သုံးလျက် ရှိနေစဲ ဖြစ်သည်ကို MPA သတင်းထောက်က စက်တင်ဘာ ၁၅ရက် ၌ တွေ့ခဲ့ရသည်။
” မသောက်နိုင်ရင် စစ်မြင်း ဝယ်သောက်လိုက်မယ်။ မြန်မာဘီယာကတော့ အလကားပေးရင်တောင် မသောက်ဘူး။ ကျနော်တို့က နာတတ်တယ်” ဟု အဆိုပါ ပြည်သူက ပြောသည်။
စစ်ကောင်စီက အတင်းအကျပ် ဖိအားပေးသော်လည်း မြန်မာဘီယာ လုံးဝ မရောင်းရ ဖြစ်နေသဖြင့် ၎င်းတို့ လက်အောက်ခံ စည်ပင်များအား ၁၉လမ်းအတွင်းရှိ စားသောက်ဆိုင်များ လမ်းပေါ်ကျူးကျော် ဆိုင်ဖွင့်ခြင်း၊ ညှော်နံ့နံခြင်း စသည့်အကြောင်းအရာများဖြင့် နည်းအမျိုးမျိုးသုံးကာ ဖိအားပေးနေကြောင်းလည်း သိရသည်။
” သူတို့ ဖိအားပေးလည်း လူတွေမသောက်ရင် ဘာမှ လုပ်လို့မရဘူးလေ။ အဲ့ဒီတော့ စည်ပင်တွေလာတယ်။ လမ်းမြေပေါ် ဆိုင်ခင်းတယ်။ ညှော်နံ့က နံတယ် လာလာ ပြောတယ်ဗျ။ မရ ရတာ လိုက်ညစ်တာပေါ့ဗျာ” ဟု ၁၉လမ်း၌ စားသောက်ဆိုင် ဖွင့်လှစ်ထားသူ တစ်ဦးက ပြောသည်။
စစ်ကောင်စီ အာဏာမသိမ်းခင် မြန်မာဘီယာသည် လူကြိုက်အများဆုံး ဘီယာဖြစ်သော်လည်း ၎င်း ကုမ္ပဏီသည် စစ်တပ်လက်အောက်ခံ ကုမ္ပဏီဖြစ်သည့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်က ဦးဆောင်ထားသည့် ကုမ္ပဏီဖြစ်သောကြောင့် ပြည်သူများမှ မသောက်သုံးဘဲ သပိတ်မှောက်နေခြင်းဖြစ်သည်။