3 May 2022 By MPA
အာဆီယံနှင့် NUG အစိုးရအကြား အလွတ်သဘောဆွေးနွေးညှိနိုင်းရန် မလေးရှားနိုင်ငံဘက်က အဆိုပြုမည်ဟု အသိပေးပြီးနောက် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးအရွေ့သည် စိတ်ဝင်စားစရာ ကိစ္စရပ်တစ်ခုဖြစ်လာခဲ့သည်။
အာဆီယံခေါင်းဆောင်များအနေဖြင့် မြန်မာ့အရေးဆိုင်ရာ ဘုံသဘောတူညီချက် (၅) ချက်ကို အသိပေးထားသော်လည်း အကြမ်းဖက် စစ်တပ်ဘက်က ပူးပေါင်းဆောင်ရွက်မှု နည်းပါးခဲ့သည့်အတွက် အာဆီယံအနေနှင့် မြန်မာ့အရေးကို ဆောင်ရွက်ရာတွင် ခက်ခဲမှုများရှိခဲ့သည်။
မလေးရှားနိုင်ငံဘက်က အဆိုပါအဆိုပြုချက် တင်သွင်းမည်ကိစ္စရပ်နှင့် ပတ်သက်ပြီး MPA သတင်းဌာန၏ မေးမြန်းမှုကို “အခုလာမယ့် အာဆီယံခေါင်းဆောင်များ အစည်းအဝေးမှာ အဓိက ဆွေးနွေးရမည့်အချက်က အာဆီယံရဲ့ မအောင်မြင်တဲ့ အနေအထားမှာ ဘယ်လို ဆက်လက် ဆောင်ရွက်ကြမလဲဆိုတဲ့ အချက်ဖြစ်ပါတယ်။ အာဆီယံ ဘာဆက်လုပ်ရမလဲ ဆိုရင် အဖြေက ရှင်းပါတယ်။ မြန်မာ့အရေးမှာ အဓိက ပါဝင်နေသူဖြစ်တဲ့ NUG နဲ့ တရားဝင် စကားပြောရပါမယ်”ဟု NUG အစိုးရ၏ သြစတြေးလျ ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေက ဖြေကြားသည်။
အကြမ်းဖက် အာဏာသိမ်းစစ်တပ်ဘက်က မလေးရှားအစိုးရ၏ NUG အစိုးရနှင့် အာဆီယံအကြား အလွတ်သဘောဆွေးနွေးမည့် အဆိုပြုချက်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ထုတ်ပြန်အသိပေးခဲ့သည်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီး Datuk Seri Saifuddin Abdullah ၏ အဆိုပြုရန် ပြောစကားကိုလည်း အကြမ်းဖက် စစ်တပ်ဘက်က တာဝန်မဲ့သည့် အဆိုပြုချက်အဖြစ် သတ်မှတ်ခဲ့သည်။
ယခုလို မလေးရှားနိုင်ငံဘက်က အဆိုပြုရန် ကြိုးပမ်းမှုအပေါ် “ယနေ့ NUG ရဲ့ အခြေအနေကလည်း မနှစ်ကနဲ့ မတူတော့ပါဘူး။ နိုင်ငံရေးအရလည်း အနေအထားပိုကောင်းလာသလို ထိန်းချုပ်နယ်မြေ ဆိုတာလည်း အတိုင်းအတာ တစ်ခုအထိ ရှိလာနေပါပြီ။ ထိန်းချုပ်နယ်မြေဆိုတဲ့ သဘောသဘာဝကို ပိုမိုထင်ရှားအောင် အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီများပေးအပ်ခြင်းဆိုတဲ့ လုပ်ငန်းတွေ စနစ်တကျ တည်ဆောက်နေတာလည်း မြင်နေကြရပါပြီ။ အထင်ရှားဆုံးအချက်က လူထုရဲ့ ထောက်ခံမှု၊ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို အခြေခံတဲ့ တရားဝင်မှုတွေပါပဲ။ အခု မလေးရှားနိုင်ငံခြားရေးဝန်ကြီးက NUG နဲ့အာဆီယံ အလွတ်သဘော တွေ့ဆုံဆွေးနွေးသင့်ပြီဆိုတာ ဖြစ်သင့်တဲ့အပြင် တကယ်တမ်းမှာ နောက်တောင်ကျနေပါသေးတယ်”ဟု NUG ၏ သြစတြေးလျ ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေက ဆက်လက်ပြောကြားသည်။
လာမည့် မေလ ၅ ရက်နေ့တွင် ကျင်းပမည့် အာဆီယံနိုင်ငံခြားရေးခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးတွင် မလေးရှားနိုင်ငံက အဆိုပြုမည့် အဆိုပြုချက် သုံးချက်တွင် NUG အစိုးရနှင့် အလွတ်သဘောဆွေးနွေးရန်အချက် ပါဝင်နေသည်။
အာဆီယံခေါင်းဆောင်များ၏ မြန်မာ့အရေးဆိုင်ရာ သဘောတူထားသည့် အချက် (၅) ချက်အနေနှင့် အထူးကိုယ်စားလှယ်ခန့်အပ်ပြီး မြန်မာနိုင်ငံကို သွားရောက်နိုင်ခဲ့ခြင်းကလွဲပြီး တစ်နှစ်အတွင်းမှာ ရလဒ်မထွက်ဖြစ်ခဲ့ရသည်။
“စစ်အုပ်စုဟာ အာဆီယံပြောတဲ့စကားကို နားလည်နိုင်စွမ်း မရှိပါဘူး။ ဒီစစ်အုပ်စု နားလည်တာက ဖိအားပါပဲ။ NUG နဲ့ တရားဝင် စကားပြောပြီး စစ်အုပ်စုကို ဖိအားပေးတာက အာဆီယံအတွက် မှန်ကန်တဲ့ နည်းဗျူဟာ ဖြစ်တဲ့အပြင် လူသားချင်း စာနာထောက်ထားမှု အကူအညီများ တကယ်ပေးချင်ရင်လည်း NUG နဲ့ လုပ်မှ လက်တွေ့ကျပါမယ်။ စစ်အုပ်စုဟာ ဒီအကူအညီတွေ မပေးနိုင်အောင် နည်းမျိုးစုံနဲ့ ဟန့်တားနေတာ အများသိကြပါတယ်။ မြန်မာ့အရေး ပြေလည်စေဖို့ အာဆီယံအနေနဲ့ သူ့ချည်း မလုပ်နိုင်ပါဘူး။ ကုလသမဂ္ဂနဲ့ အခြား ဒီမိုကရေစီ နိုင်ငံကြီးများနဲ့ လက်တွဲဆောင်ရွက်နိုင်မှာ အာဆီယံအနေနဲ့ အရွေ့တစ်ခုကို ဖန်တီးနိုင်မှာပါ”ဟု NUG ၏ သြစတြေးလျ ကိုယ်စားလှယ် ဒေါက်တာ ထွန်းအောင်ရွှေက ပြောကြားခဲ့သည်။
#NUG #အာဆီယံ #မလေးရှား #သြစတြေးလျကိုယ်စားလှယ် #ဒေါက်တာထွန်းအောင်ရွှေ #MPA
Photo – Google