ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ် အတွင်းရှိ အရပ်သားပြည်သူ၁၈ဦးကို စစ်ကောင်စီတပ်က အကြောင်းမဲ့ သတ်ခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်နှင့် ထန်းတပင်မြို့နယ် အစပ်၊ညောင်ပင်သာကျေးရွာက ကလေးငယ် ၅ဦး အပါအဝင်အရပ်သားပြည်သူ ၁၈ ဦး ကို တပ်မ(၄၄)လက်အောက်ခံတပ်ရင်းနှင့်ကျိုက်ထိုအခြေစိုက် ခမရ(၂၀၇)ပူးပေါင်းစစ်ကြောင်းတို့က မေလ၁၀ရက်နေ့၊ညဦးပိုင်း၌ အကြောင်းမဲ့ သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ထန်းတစ်ပင်မြို့နယ် ပကဖ ထံက သိရသည်။
“ အကြောင်းမဲ့ရက်ရက်စက်စက်သတ်ဖြတ်ခံရတာ ၁၈ဦးဗျ။ ရွာကိုမီးရှို့တယ်လို့တော့ မကြားမိဘူး။ ၁၀ရက်နေ့ ညဦးပိုင်းလောက်မှာ သတ်သွားတာ။ ကျွန်တော့် အထင်ကတော့ ထိတွေ့တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က အထိနာသွားလို့ အရပ်သားပြည်သူတွေကို အကြောင်းမဲ့သတ်သွားတာ။ ထိတွေ့တိုက်ပွဲတွေ ဖြစ်နေတော့ သတင်းဆက်စုံစမ်းဖို့ အခက်အခဲရှိတယ်” ဟု ဒေသတွင်းတော်လှန်ရေး ရဲဘော်တစ်ဦးက ပြောသည်။
မေလ ၁၀ ရက်နေ့ ညဦးပိုင်းတွင် စစ်ကောင်စီစစ်ကြောင်းက ညောင်ပင်သာရွာနေ ဒေါ်ခင်ရီ( ၆၈နှစ်)၊ ဒေါ်သန်းသန်းဆွေ( ၃၅ နှစ်)၊ ဦးဝင်းမြိုင်(အသက် ၇၀ )၊ ဦးဇော်မိုးအောင် (အသက် ၄၀ )၊ ဒေါ်သူဇာ(အသက် ၄၀)၊ ဒေါ်ချုတ်တိ ( ၅၈ နှစ်)၊ ဒေါ်တင်ဆန်း ( ၅၃ နှစ်)၊ ဒေါ်ခင်အုန်း ( ၅၅ နှစ်)၊ ဒေါ်တင်အုန်း ( ၅၃ နှစ်)၊ မသန်းဝေ ( ၂၈ နှစ်)၊ ဦးတိုးတိုး ( ၅၃ နှစ်)၊ ဦးကျော်သိန်း ( ၅၅ နှစ်)၊ အမည်စုံစမ်းဆဲ (၁၅ နှစ်)၊ အမည်စုံစမ်းဆဲ (၇ နှစ်)၊ အမည်စုံစမ်းဆဲ (၅ နှစ်)၊ အမည်စုံစမ်းဆဲ( ၁၈ နှစ်)၊ အမည်စုံစမ်းဆဲ( ၉ နှစ်) နှင့် မောင်အာကလန်စိန် ( ၁၀နှစ်)တို့ကို အကြောင်းမဲ့ သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။
“ကျနော်တို့ကကင်းထောက်ရင်းသွားတာ။ညပိုင်းစစ်ကြောင်းဝင်ထားတာလည်းသိတယ်။ခုလိုပြည်သူတွေ အစုလိုက်အပြုံလိုက်မီးရှို့ခံရမယ်လို့တော့ မထင်ဘူးပေါ့”ဟု ၎င်းကပြောသည်။
တော်လှန်ရေးရဲဘော်များ ရွာထဲသို့ရောက်ရှိသွားချိန်တွင် မီးလောင်ကျွမ်းနေသော ရုပ်အလောင်းများအားတွေ့ရှိခဲ့ပြီး အသတ်ခံရပြီးမှ မီးရှို့လိုက်ခြင်းလား၊မီးရှို့သတ်ဖြတ်ခံရခြင်းလား ဆိုသည်ကိုမူ မသိရှိသေးကြောင်း ၎င်းကဆက်လက်ပြောသည်။
ညောင်ပင်သာရွာအနီးတွင် မေလ ၁၀ရက်နေ့ ၊နံနက် ၁၀ နာရီမှ ညနေ ၅ နာရီထိ စစ်ကောင်စီတပ်နှင့် KNU၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားရာ စစ်သားအယောက် ၂၀ထက်မနည်းသေဆုံးကာ စစ်ဗိုလ် ၃ ဦးကို အရှင်ဖမ်းဆီးမိခဲ့ကြောင်းထန်းတပင်ပကဖထံက သိရသည်။
တိုက်ပွဲအတွင်း သေဆုံးသွားသည့် စစ်သားအလောင်းများကို ညောင်ပင်သာ ကျေးရွာရှိ ပြည်သူပိုင်နေအိမ်ခြံဝန်းအတွင်း မြေမြှုပ်သွားကြောင်းသိရသည်။
စစ်သားများသေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။
ပဲခူးတိုင်း အရှေ့ခြမ်းတွင် စစ်ကောင်စီတပ်နှင့် KNU၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ကြား ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေသောကြောင့် ကျေးရွာအချို့မှ ဒေသခံများ စစ်ကြောင်းရှောင်နေရကြောင်း သိရသည်။