ရန်ကုန်မြို့၊ ပုစွန်တောင်မြို့နယ်အတွင်းရှိ CBဘဏ်ကို အသက်မပြည့်သေးသည့် လူငယ်နှစ်ဦးက သေနတ်အတုဖြင့် ဓားပြတိုက်စဉ် ဖမ်းဆီးခံရမှု ယနေ့ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယနေ့ နံနက် ၁၀နာရီခွဲခန့်က ပုဇွန်တောင်မြို့နယ်၊(၇) ရပ်ကွက်၊ အထက်ပုဇွန်တောင်လမ်း၊CBဘဏ်သို့ အသက်မပြည့်သေးသည့် လူငယ်နှစ်ဦး ပစ္စတိုသေနတ်အတုတစ်လက်နှင့် ဓားမြှောင်နှစ်ချောင်းကိုင်ဆောင်ကာ ဝင်ရောက်လုယက်ခဲ့ပြီး ဘဏ်အပြင်သို့ပြန်ထွက်ရန်ကြိုးစားစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ခိုင်မာသည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“ ကောင်လေးတွေက အသက်မပြည့်သေးဘူး။ဒီကလေးတွေက CBဘဏ်ထဲကို ဝင်လာပြီးတော့ သေနတ်အတုကိုထောင်ပြပြီး ခြိမ်းခြောက်တယ်။ပြီးတော့ကောင်တာပေါ်တင်ထားတဲ့ သိန်း ၆၅၀ကို ယူပြီး ထွက်ပြေးဖို့လုပ်တာ။အဲ့အချိန်စစ်တပ်က ရောက်လာပြီး ဖမ်းလိုက်တာ။တစ်ပြားမှ မပါသွားဘူး” ဟု ၎င်းက ပြောသည်။
CBဘဏ် ဓားပြတိုက်သည့် လူငယ်နှစ်ဦးသည် ပုဇွန်တောင်မြို့နယ်အတွင်းနေထိုင်သူများဖြစ်ပြီး အသက် ၁၄နှစ်နှင့် ၁၅နှစ်အရွယ်သာရှိသေးကြောင်း ပုဇွန်တောင်မြို့မ ရဲစခန်းက အမည်မဖော်လိုသူရဲတစ်ဦးကပြောသည်။
“ အခုစခန်းမှာထားထားတယ်။ နောက်ကွယ်က ခိုင်းတဲ့သူရှိလားဆိုတာမေးဖို့ရယ်၊ စစ်ဆေးစရာရှိတာ စစ်ဆေးဖို့ပါ။ကလေးတွေက ပုဇွန်တောင်မှာ နေတဲ့သူတွေပဲ။ အသက်မပြည့်သေးတာလည်း မှန်ပါတယ်။ သူတို့ဆီက သေနတ်အတုတစ်လက်နဲ့ ဓားမြှောင်နှစ်ချောင်းကို သက်သေခံအဖြစ်ဖမ်းဆီးရမိတယ်” ဟု ၎င်းကပြောသည်။
စစ်ကောင်စီက ရန်ကုန်အခြေစိုက် တော်လှန်ရေးလူငယ်များ နာမည်ပျက်စေရန် ပုံမှားရိုက်သည့် ဓားပြမှုဖန်တီးခြင်းဖြစ်နိုင်သည်ဟု ပြည်သူအချို့ကပြောဆိုလျက်ရှိသည်။
ဘဏ်ဓားပြတိုက်သည့် လူငယ်၂ဦး၏ အမည်နှင့် နေရပ်လိပ်စာကိုမူ MPAက မသိရှိသေးပေ။