မန္တလေးတိုင်း၊မိုးကုတ်မြို့၊ အနောက်ပိုင်းကျပ်ပြင်ရပ်ကွက်တွင် စစ်ကောင်စီတပ်က ဆိုင်ကယ်များကို ဖမ်းဆီးပြီး အသံတိတ် သပိတ်ပြုလုပ်မည့် ဖေဖေါ်ဝါရီ ၁ ရက်နေ့ လာရွေးခိုင်းနေကြောင်း သိရသည်။
ယနေ့ညနေပိုင်းတွင် မိုးကုတ်မြို့၊ကျပ်ပြင်ရဲစခန်းရှေ့ ဖြတ်လာသမျှ ဆိုင်ကယ်များကို စစ်သားများက တားကာ ဆိုင်ကယ်လိုင်စင် ၊ ဦးထုပ်စသည်ဖြင့် တစ်ခုခု စစ်ဆေးသည့်ပုံစံမျိုးဖြင့် ဆိုင်ကယ်တိုင်းကို ပြစ်ချက်တစ်ခုခုရှာ၍ ဖမ်းဆီးခြင်းဖြစ်ကြောင်း မြို့ခံတစ်ဦးက ဆိုသည်။
“ ညနေပိုင်းမှာဖမ်းတာ၊ တရက်နေ့ လာရွေးခိုင်းတာတဲ့၊ အဲ့နေ့က အပြင်မထွက်သပိတ်လုပ်ကြမှာစိုးလို့ လာရွေးခိုင်းတာထင်တယ်” လို့ ကျပ်ပြင်ရပ်ကွက်နေထိုင်သူတစ်ဦးက ဆိုသည်။
ဖမ်းဆီးလိုက်သည့်ဆိုင်ကယ်များကို ရဲစခန်းဝန်းထဲသို့ ထည့်ထားလိုက်ကြောင်းသိရသည်။
ဖမ်းဆီးခံထားရသည့် ဆိုင်ကယ်အရေအတွက်ကို MPA အနေနှင့် အတည်မပြုနိုင်သေးပေ။
စစ်ကောင်စီတပ် အာဏာသိမ်းခြင်း နှစ်နှစ်ပြည့်သည့် ဖေဖော်ဝါရီ ၁ရက်နေ့တွင် တနိုင်ငံလုံး Silent Strike ပြုလုပ်ရန် တိုက်ပွဲဝင်လူငယ်များက နှိုးဆော်လျက် ရှိသည်။