By ငြိမ်းငြိမ်းပြည့် (WLBဆွေးနွေးပွဲမေးခွန်းအပေါ် ပြန်ပြောဖြစ်တဲ့အချက်တချို့ )
◉ အရင်ဆုံး – ဗမာ/မြန်မာ ကိစ္စကို နည်းနည်းလေး ထည့်ပြောချင်ပါတယ်။ လူ့အခွင့်အရေးအရ ကိုယ့်နာမည်ဘာလဲ ဆိုတာကို ကာယကံရှင်တွေက ရွေးချယ်ခွင့် သတ်မှတ်ခွင့်ရှိပါတယ်။ အခုကာလမှာလည်း ဗမာ/မြန်မာ ဆိုရာမှာ ဘယ်ဟာက လူမျိုးနာမည်၊ ဘယ်ဟာက လူမျိုးပေါင်းစုံအားလုံးပါတဲ့ နိုင်ငံနာမည်၊ ဘယ်ဟာက သမိုင်းစောတယ်၊ ဘယ်ဟာက စစ်အာဏာရှင်တွေမလိမ့်တပတ်လုပ်တာဖြစ်တယ်…. အစရှိသဖြင့် ငြင်းခုန်ဆွေးနွေးနေကြတာတွေ အတော်များများ ရှိနေပါတယ်။ အဲဒီ့လို ငြင်းကြခုန်ကြ ရှင်းလင်းကြမှုတွေကလည်း အများအားဖြင့် ဗမာ/မြန်မာ လွှမ်းမိုးတဲ့အဝန်းအဝိုင်းမှာပဲ ဖြစ်ပွားနေတာကိုလည်း တွေ့နိုင်ပါတယ်။ တဖက်မှာလည်း အခြားသောလူမျိုးစုတွေအနေနဲ့ကျတော့ ဗမာဖြစ်ဖြစ် မြန်မာဖြစ်ဖြစ် သူတို့နာမည်လို့ မခံစားကြရဘူး ဆိုတဲ့အချက်ကလည်း အရှိတရားပါပဲ။ ကျန်လူမျိုးစုတွေအတွက်တော့ ဗမာပဲခေါ်ခေါ် မြန်မာပဲခေါ်ခေါ် ဘာမှမကွာဘူး အတူတူပဲ လို့ ဆိုကြပါတယ်။ ဥပမာ- မြန်မာလိုအရေးအပြော ဗမာလိုအရေးအပြော ဗမာစာဘာသာစကားနဲ့ မြန်မာစာဘာသာစကား အတူတူပဲ တခုတည်းဖြစ်နေတာ အစရှိသဖြင့်ပေါ့လေ၊ ထောက်ပြစရာတွေရှိပါတယ်။ ဗမာ/မြန်မာ လူများစုထောက်ခံတဲ့ ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၃ ဇွန်လက ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ နိုင်ငံနာမည်နဲ့ပက်သတ်လို့ပြောခဲ့တာဆိုရင်လည်း မြန်မာဆိုတာဟာ ဗမာပဲ၊ လူမျိုးစုတခုဖြစ်တဲ့ ဗမာကိုပဲပြောတာဖြစ်တယ်လို့ ထောက်ပြခဲ့တာရှိပါတယ်။ ဆိုတော့ အခု ကျမတို့ဟာ စစ်အာဏာရှင်စနစ်အပါအဝင် စနစ်ဆိုးစနစ်ဟောင်းတွေမှန်သမျှကိုတိုက်ဖျက်ရင်း စနစ်သစ်စနစ်ကောင်းနဲ့ လူ့အဖွဲ့အစည်းသစ်ကို တည်ထောင်ဖို့ကြိုးစားနေကြတာဖြစ်သလိုပဲ နိုင်ငံနာမည်ကိုလည်း အသစ်ပြောင်းသင့်ပါတယ်၊ နိုင်ငံအမည်အသစ်ပြောင်းရပါမယ်။ ဖက်ဒရယ်ယူနစ်/ပြည်နယ်နာမည်ကိုတော့ ကိုယ့်ယူနစ်ကိုယ် ဗမာ/မြန်မာ ကာယကံရှင်တွေ အများလက်ခံသဘောတူတဲ့နာမည် မှည့်ရမှာပေါ့။
◉ ဆိုတော့ ဒီဗမာပြည်နယ်ဆိုတာက ဘယ်လောက်ထိ အရေးပါသလဲ၊ ဗမာပြည်နယ်ရှိသင့်သလား ဆိုတဲ့ မေးခွန်းနဲ့ပက်သတ်လို့ ပထမအချက်က –
“ဗမာ၊ ဗုဒ္ဓဘာသာ၊ ဖိုဝါဒ နိုင်ငံတော်ပြုခြင်း”
ဘာကြောင့် ဒီလို ဗမာပြည်နယ်ဖွဲ့စည်းဖို့ လိုလားချက်တွေ ရှိလာခဲ့တာလဲဆိုတဲ့ အကြောင်းရင်းတွေကိုကြည့်ရင် အဓိက အတိုချုပ်ကတော့ တန်းတူအခွင့်အရေးဖြစ်ဖို့ ပါပဲ။ အဓိကက နိုင်ငံရေးတန်းတူခွင့် ဖြစ်ပါတယ်။ ဒီနိုင်ငံရဲ့ရေခံမြေခံနဲ့သမိုင်းကြောင်းဖြစ်တည်မှုအရ- နိုင်ငံအဖြစ် ပေါင်းနေပြီး ၁၉၄၈မှာလွတ်လပ်ရေး မရခင် နှစ်ရာထောင်ချီသမိုင်းရှည်ကိုကြည့်ရင် လူမျိုးအသီးသီးက ဒီပထဝီအသီးသီးမှာ ကိုယ်ပိုင်အုပ်ချုပ်ရေးပုံစံအသီးသီးနဲ့ နေထိုင်ခဲ့ကြတာရှိတယ်။ အဲဒီ့နောက် ၁၉၄၇မှာ ဒီနယ်နိမိတ်နဲ့နိုင်ငံအဖြစ် စတည်ထောင်တဲ့ အစကတည်းကိုက လူမျိုးစုတွေရဲ့ ပထဝီတွေ စုပြီး ပြည်ထောင်စုအဖြစ် ပေါင်းခဲ့ကြဖြစ်တယ်။ အဲဒီ့လို ပေါင်းလိုက်တဲ့ နိုင်ငံအဖြစ် လွတ်လပ်ရေးရချိန်ကစပြီး အခုအချိန်ထိ နှစ်ပေါင်း(၇၀)ကျော် ပြည်တွင်းစစ်မီး ဖြစ်ပွားတယ်။ ဗမာ/မြန်မာ မဟုတ်တဲ့ လူမျိုးစုတွေအသီးသီးဟာ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ ကိုင်စွဲပြီး ဗမာ/မြန်မာလွှမ်းမိုးတဲ့ဗဟိုချုပ်ကိုင်အစိုးရကို ဆန့်ကျင်တော်လှန်ကြတယ်။ အကြောင်းရင်းက လူမျိုးရေးတန်းတူအခွင့်အရေး မရှိမှု၊ နိုင်ငံရေးတန်းတူအခွင့်အရေး မရှိမှု၊ လူမျိုးရေးအရ နိုင်ငံရေးအရ စနစ်အရ ခွဲခြားမှု မမျှတမှု ဖိနှိပ်မှုတွေကြောင့်ဖြစ်ပါတယ်။ ကျမတို့နိုင်ငံမှာက လူများစုဖြစ်ခြင်းကြောင့် အသာစီးရလွှမ်းမိုးတဲ့ ဗမာလူမျိုးဖြစ်ခြင်းနဲ့ ဗုဒ္ဓဘာသာဝင်ဖြစ်ခြင်း၊ လူမှုဓလေ့စံတွေအားဖြင့် ရှေ့တန်းတင်ခံရတဲ့ အမျိုးသား ယောက်ကျားဖြစ်ခြင်း ဆိုတဲ့ ဖြစ်တည်မှုတွေကို အခြေခံတဲ့ “ဗမာ၊ ဗုဒ္ဓဘာသာ၊ ဖိုဝါဒ နိုင်ငံတော်ပြုခြင်း” ရှိနေခဲ့တယ်။ အဲဒီ့ကနေ သက်ဆင်းလာတဲ့ အခွင့်ထူးတွေ privilegesတွေကြောင့် အများစုဟာ ပညာသင်ခွင့်ပိုရခြင်း၊ အုပ်ချုပ်သူဖြစ်ခြင်း၊ ဥစ္စာကြွယ်ဝခြင်း အစရှိတာတွေဖြစ်ပေါ်စေခဲ့ပြီး လူ့အဖွဲ့အစည်းအတွင်းမှာ တခြားလူမျိုးတွေ၊ လူအုပ်စုတွေရဲ့ အမှတ်သရုပ်၊ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တွေကို ဖိနှိပ်ချိုးနှိမ်ခဲ့ပြီး တခြားလူမျိုးတွေ၊ လူအုပ်စုတွေရဲ့ ဖြစ်တည်မှုတွေကို အစဉ်ခြိမ်းခြောက်မှု ပြုခဲ့၊ ပြုလျက်ရှိတယ်ဆိုတာကို အလေးအနက် သိရှိ နားလည်ကြဖို့လိုပါတယ်။ အုပ်စုတအုပ်စုရဲ့ လူများစု ကြီးစိုးအုပ်ချုပ်မှုက အခြားအုပ်စုတွေရဲ့ လွတ်လပ်မှုနဲ့အခွင့်အရေးတွေအပေါ် သက်ရောက်မှုရှိတဲ့အခါမှာ အိုင်ဒန်တတီအစ်ရှူးနက်နက်ရှိုင်းရှိုင်းရှိတဲ့ လူ့အဖွဲ့အစည်းမှာ အိုင်ဒန်တတီတွေ မမျှတဖိနှိပ်ခံရတဲ့အခြေအနေရင်ဆိုင်ရတာကြောင့် ဒီလို ဗမာပြည်နယ်စဥ◌်းစားချက် ဖြစ်လာခဲ့တာဖြစ်ပါတယ်။ ပြည်ထောင်စုအမည်ခံပြီး လက်တွေ့တပြည်ထောင်စနစ်နဲ့ အာဏာမောင်ပိုင်စီးဗဟိုချုပ်ကိုင်မှုတွေ၊ နိုင်ငံရေးအရရော လူမျိုးရေးအရပါ မမျှတမှုတွေ ခွဲခြားမှုတွေ ရှိနေတဲ့ ဒီနိုင်ငံမှာ၊ တန်းတူညီမျှမှုမရှိတဲ့ ဒီနိုင်ငံမှာ ဖက်ဒရယ်ပြည်ထောင်စုအဖြစ်နဲ့ ဖက်ဒရယ်ယူနစ်တွေကြား တန်းတူဖြစ်အောင် သာတူညီမျှဖြစ်အောင်လုပ်ချင်တဲ့ ဆန္ဒတွေ လိုလားချက်တွေကနေ အရင်းခံလာခဲ့ကြတာ ဖြစ်ပါတယ်။ နှစ်ပေါင်း(၇၀)ကျော် ပြည်တွင်းစစ်မီးတောက်လောင်နေရပြီး တဂျိန်းဂျိန်း မပြီးနိုင်မစီးနိုင် တိုက်ခိုက်နေကြရတဲ့အကြောင်းရင်း နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်စေဖို့ ဖြစ်ပါတယ်။
◉ ဒုတိယအချက်က – ဗမာ/မြန်မာပြည်နယ်ရှိမှု၊ လူမျိုးရေး မျှတမှု၊ နိုင်ငံရေးအရ မျှတမှုနဲ့ နိုင်ငံ့ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဆက်စပ်မှုကို အကျဉ်းချုပ် ပြောပါရစေ။ အားလုံးသိတဲ့အတိုင်း – လူမျိုးပေါင်းစုံနေထိုင်တဲ့နိုင်ငံမှာ လွှတ်တော်နှစ်ရပ်အနက်- အောက်လွှတ်တော် ပြည်သူ့လွှတ်တော်ဟာ မဲဆန္ဒနယ်အသီးသီးက လူဦးရေမဲဆန္ဒအားဖြင့် ရွေးကောက်တင်မြှောက်ကြတဲ့ လူဦးရေအခြေပြုလွှတ်တော် ဖြစ်ပါတယ်။ ဆိုတော့ လွတ်လပ်ရေးရကတည်းက အခုထိကျင့်သုံးခဲ့တဲ့ နိုင်သူအကုန်ယူ ရွေးကောက်ပွဲစနစ်အရရော၊ လူဦးရေ လူများစုဖြစ်ခြင်းအရရော၊ မဲဆန္ဒနယ်အရေအတွက်အရရော၊ … လူများစုကြီးဖြစ်တဲ့လူမျိုး တမျိုးတည်းက ပြည်သူ့လွှတ်တော်မှာ အမြဲအသာစီးရလွှမ်းမိုးတဲ့အနေအထား အလိုလိုဖြစ်သွားပါတယ်။ ဒီဖြစ်တည်မှုကို တားဆီးပိတ်ပင်လို့ မရပါဘူး။
ဆိုတော့ လူမျိုးပေါင်းစုံနေထိုင်တဲ့နိုင်ငံမှာ ဒါကို ထိန်းကြောင်းဖို့အတွက်၊ လူများစုလူမျိုးစုတွေက လူနည်းစုတွေကို အနိုင်မကျင့်ဖို့အတွက်၊ လူမျိုးစုတွေ တန်းတူအခွင့်အရေးကိုစောင့်ရှောက်ကာကွယ်ဖို့အတွက်၊ ဖက်ဒရယ်ယူနစ်တွေအရေး ပြည်နယ်တွေအရေး လူမျိုးစုတွေအရေးကို အဓိကဆွေးနွေးကိုင်တွယ်ဖို့အတွက် အထက်လွှတ်တော် ရှိရပါတယ်။ ဆိုတော့ ဖက်ဒရယ်စနစ်မှာ အထက်လွှတ်တော်ဟာ အမျိုးသားလွှတ်တော်လို့ခေါ်တဲ့ လူမျိုးစုလွှတ်တော်ရဲ့အခန်းကဏ္ဍဟာ အရေးကြီးပါတယ်။ ပြည်နယ်ကြီးဖြစ်ဖြစ် ပြည်နယ်သေးဖြစ်ဖြစ်၊ လူဦးရေ များများ နည်းနည်း – ပြည်နယ်တခုစီတိုင်းက ပြည်နယ်ကိုယ်စားလှယ်အမတ်အရေအတွက် တန်းတူသတ်မှတ်ထားတဲ့အတိုင်း ညီတူမျှတူ အထက်လွှတ်တော်ကို စေလွှတ်ရပါတယ်။ အဲဒီ့တော့ ဒီနိုင်ငံမှာ အထက်လွှတ်တော်ကို ဘယ်လိုဖွဲ့စည်းထားသလဲ ပေါ့။ စစ်အာဏာရှင်နေဝင်းဟာ ၁၉၇၄ဖွဲ့စည်းပုံအခြေခံဥပဒေမှာ နိုင်ငံ့ဖွဲ့စည်းပုံ ပုံစံကို ပြည်နယ်(၇)ခု၊ တိုင်း(၇)ခု ဆိုပြီး ဖွဲ့ခဲ့ပါတယ်။ အခုထက်ထိ အဲဒီ့ နေဝင်းလုပ်ခဲ့တဲ့ဖွဲ့စည်းပုံသဏ္ဍာန်အတိုင်း ဆက်ရှိနေပါသေးတယ်။ ၂၀၂၀ ရွေးကောက်ပွဲလုပ်ခဲ့တဲ့ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကိုကြည့်မယ်ဆိုရင် စစ်တပ်က ၂၅ရာခိုင်နှုန်းနဲ့ လွှတ်တော်နေရာ ၅၆ခုယူတဲ့အပြင် ပြည်နယ်နဲ့တိုင်းတခုချင်းစီကစေလွှတ်ရတဲ့ ကိုယ်စားလှယ်အရေအတွက် ၁၂ဦးစီဖြစ်တယ်။ အပေါ်ယံကြည့်လိုက်ရင် တန်းတူရည်တူအရေအတွက်လိုလုပ်ထားပေမယ့် တကယ်တမ်းမှာ- လူမျိုးစုပြည်နယ်တခုချင်းစီက တပြည်နယ်ကို အထက်လွှတ်တော်ကိုယ်စားလှယ် (၁၂)နေရာစာပဲ ရတယ်။ တိုင်း(၇)တိုင်းကတော့ (၈၄)နေရာ စေလွှတ်ခွင့်ရတဲ့အနေအထား ဖြစ်တယ်။ ဆိုတော့ လူမျိုးပေါင်းစုံ စုပေါင်းပြီး တန်းတူရည်တူ ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်မယ်ဆိုတဲ့နိုင်ငံမှာ လူမျိုးတမျိုးတည်းက အထက်လွှတ်တော် လူမျိုးစုလွှတ်တော်မှာ နေရာအများစုယူထားတဲ့အခင်းအကျင်းဟာ ဖက်ဒရယ်နဲ့ဆန့်ကျင်တဲ့လုပ်ရပ်ပဲ ဖြစ်ပါတယ်။ တန်းတူရည်တူခွင့်ကို ချိုးဖောက်တဲ့စနစ်ဖြစ်ပါတယ်။ လူမျိုးတမျိုးတည်းက ပြည်သူ့လွှတ်တော်မှာ အသာစီးရထားပြီးသားဖြစ်တဲ့အပြင် လူမျိုးစုလွှတ်တော်မှာပါ အသာစီးယူထားသလိုဖြစ်နေပါတယ်။ အခုနွေဦးတော်လှန်ရေးကာလအထိ ဖက်ဒရယ်ဒီမိုကရေစီချာတာရှိပေမယ့်လည်း ဒီစတိတ်ဖွဲ့စည်းပုံဟာ မပြောင်းလဲသေဘဲနဲ့ အာဏာရှင်အဆက်ဆက်ကျင့်သုံးခဲ့တဲ့ စတိတ်ဖွဲ့စည်းပုံအဟောင်းအတိုင်း ရှိနေသေးတယ်။ ဒါကြောင့် တန်းတူဖြစ်အောင် ဗမာ/မြန်မာက နိုင်ငံရေးအရ ဖက်ဒရယ်ယူနစ်တခု ပြည်နယ်တခု သတ်သတ်မှတ်မှတ် ဖွဲ့စည်းဖို့ လိုလားလာကြတာဖြစ်ပါတယ်။
◉ တတိယအချက်ကတော့ – ဒီဗမာပြည်နယ်ဖွဲ့စည်းရေး ဆိုတာဟာ အခုမှ အသစ်မဟုတ်ဘူး ဆိုတာကို ထပ်ဆောင်းပြောချင်တာပါ။ ဦးနုနဲ့ လူမျိုးစုတိုင်းရင်းသားနိုင်ငံရေးအင်အားစုတွေ ဆွေးနွေးချက်တွေထဲမှာ ဗမာပြည်နယ်ဖွဲ့စည်းရေးကတိပြုခဲ့တာတွေအပါအဝင်၊ FCDCCဖွဲ့စည်းပုံအခြေခံဥပဒေ ဒုတိယမူကြမ်းမှာ ဗမာပြည်နယ်နဲ့တကွ ပြည်နယ်အသစ်တွေဖွဲ့စည်းရေး ရေးဆွဲခဲ့တာရှိသလို၊ ၂၀၂၁ စစ်အာဏာမသိမ်းခင် ပြီးခဲ့တဲ့အစိုးရသက်တမ်းတွေအတွင်း ကချင်ပြည်က KIO/KIAအုပ်ချုပ်နယ်မြေ မိုင်ဂျာယန်မှာလုပ်ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေညီလာခံ ဆုံးဖြတ်ချက်မှာလည်း ဗမာပြည်နယ်ဖွဲ့စည်းရေးကို KIO/KIAအပါအဝင် တိုင်းရင်းသားလူမျိုးလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေက ကြေညာခဲ့တာရှိပါတယ်။ အခုအချိန်မှာတော့ ဒီပြည်နယ်ဖွဲ့စည်းရေးကို ဗမာ/မြန်မာတွေကြားမှာပါ ပိုကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးလာတဲ့အနေအထားကို ရောက်လာပြီဖြစ်ပါတယ်။
◉ စတုတ္ထအချက်ကတော့ – တောက်လျှောက် ဗမာ/မြန်မာက ဒီတိုင်း(၇)တိုင်းနဲ့ အထက်လွှတ်တော်နေရာအရေအတွက် အများစုကိုယူထားတယ်ဆိုပြီး ဒီပြည်ထောင်စုအဖွဲ့ဝင်ကျန်လူမျိုးစုတွေက ရှုမြင်ကြတဲ့အခါမှာ ဗမာ/မြန်မာတွေကလည်း ဒီအပေါ်မှာ ဘယ်လိုသဘောထားရှိသလဲ ဘယ်လိုလုပ်ချင်သလဲ ဆိုတာလည်း အရေးကြီးပါတယ်။ သေချာတာကတော့ အခုထက်ထိလုပ်ခဲ့သလို အနာဂတ်မှာလည်း ဆက်လုပ်ဦးမယ်ဆိုရင်တော့ နှစ်ပေါင်း(၇၀)ကျော်ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ဟာ ဘယ်တော့မှ မပြီးဆုံးနိုင်ဘဲ ဆက်လက်ဖြစ်ပွားနေဦးမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် တိုင်း(၇)တိုင်းကို နိုင်ငံရေးအရတန်းတူမှုရှိအောင် ဘယ်လိုပုံစံ လုပ်ကြမလဲ၊ ဘယ်နေရာတွေကို ဘယ်လိုစုမလဲ၊ လူမျိုးစုပေါင်းစုံနေထိုင်တဲ့ဒေသတွေကို ဘယ်လိုပုံစံဖွဲ့စည်းကြမလဲ၊ ဖက်ဒရယ်ပြည်ထောင်စုအဖြစ် အတူပူးပေါင်းနေကြမယ်ဆိုရင် ဖက်ဒရယ်ယူနစ်ကို ဘယ်လိုဖြစ်စေချင်ကြသလဲ ဆိုတာကို ဗမာ/မြန်မာတွေကြားမှာ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးညှိနှိုင်းချမှတ်နိုင်ကြဖို့ လိုအပ်ပါတယ်။
◉ ပဉ္စမအချက်အနေနဲ့ – ပြည်နယ်ဖွဲ့စည်းရေးနဲ့ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေအရေး အကျဉ်းချုပ်ပြောချင်ပါတယ်။ လက်ရှိ နွေဦးတော်လှန်ရေးက ရေးဆွဲကြေညာခဲ့တဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်အစိတ်အပိုင်း (၁)၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ကြေညာစာတမ်း၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူများ အပိုဒ်(၂)မှာ “ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသော ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များဖြင့် ဖွဲ့စည်းသည်။ ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များအားလုံး (ဖက်ဒရယ်ယူနစ်အားလုံး) တို့သည် နိုင်ငံရေးအရ တန်းတူသည်” လို့ ပြဌာန်းထားပါတယ်။ အပိုဒ်(၃)မှာ “ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲပြဌာန်းခွင့်ရှိသည်” လို့လည်း ပါရှိတယ်။ ဆိုတော့ တန်းတူ ပြည်နယ်တွေနဲ့ ဖွဲ့စည်းတာ ဖြစ်တယ်။ ဒါပေမဲ့ အခုလက်ရှိအထိ အနေအထားကတော့ စောစောကပြောခဲ့သလို နေဝင်း ၇၄ ဖွဲ့စည်းပုံအတိုင်း တိုင်း(၇)တိုင်း၊ ပြည်နယ်(၇)ခုနဲ့ ဆက်ရှိနေတုန်းပဲ ဖြစ်နေပြန်တယ်။ တဖက်မှာကြည့်မယ်ဆိုရင် – ၂၀၀၆ – ၂၀၁၇မှာ ပြည်နယ်(၇)ခုက ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းတွေကို ရေးဆွဲထားပြီးသားဖြစ်နေတာကို တွေ့နိုင်ပါတယ်။ မူကြမ်းတွေ ပြင်ပြီးသား ရှိနေတယ်။ အဲဒီ့မှာ တနင်္သာရီကလည်း ဖွဲ့ စည်းပုံအခြေခံဥပဒေမူကြမ်းရေးဆွဲထားတာ ရှိတယ်။ အဲဒီ့တော့ ကျန်တိုင်းတွေက ဖက်ဒရယ်ယူနစ်ဖွဲ့စည်းပုံ ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းဆိုတာ ရှိကိုရှိမနေသေးဘူး။ ဆိုတော့ ဖက်ဒရယ်ပြည်ထောင်စုမှာအတူနေကြဖို့အတွက်ဆိုရင် ဖက်ဒရယ်ယူနစ်ပြည်နယ်တွေ ဖြစ်ရမယ်။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု State Structureကို Form of Stateကို ညှိနှိုင်းရေးဆွဲကြရမယ်။ ဗမာ/မြန်မာပြည်နယ်နဲ့တကွ ပြည်နယ်အသစ်တွေအပါအဝင် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေတွေ ရေးဆွဲ ကျင့်သုံးကြမယ်။
◉ အချုပ်ပြောရရင်- ဗမာ/မြန်မာပြည်နယ်ဖွဲ့စည်းလိုက်လို့ ပြဿနာအားလုံး ဟပ်ချလောင်းဆိုပြီး ချက်ချင်းပြေလည်သွားမှာလား ဆိုရင်တော့ မဟုတ်ဘူးပေါ့။ ဒါပေမဲ့ ပြဿနာဖြေရှင်းဖို့အတွက် အရေးပါတဲ့လမ်းကြောင်းတခု ဖြစ်တယ်ပေါ့လေ။ ဖက်ဒရယ်ယူနယ်တခုအတွင်းက စုံလင်ကွဲပြားတဲ့ တခုထက်မကတဲ့ လူမျိုးစုတွေ လူနည်းစုတွေအပါအဝင် လူတွေအားလုံးအတွက် အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်မှုတွေနဲ့ မျှတကောင်းမွန်တဲ့စနစ် ပူးတွဲထိန်းကွပ်ပေးဖို့ လိုပါတယ်။ ဖက်ဒရယ်ယူနယ်တွေအသီးသီးမှာ ယုံကြည်ကိုးကွယ်မှုအရဖြစ်စေ၊ ကျား-မ ဂျန်ဒါဖြစ်တည်မှုနဲ့ လိင်စိတ်ဖြစ်တည်မှုအရဖြစ်စေ၊ လူမျိုးရေးအရဖြစ်စေ၊ ဘာသာစကားအရဖြစ်စေ၊ မသန်စွမ်းမှုကြောင့်ဖြစ်စေ… အစရှိသဖြင့် လူနည်းစုတွေအပါအဝင် လူတွေအားလုံးအတွက် တရားဥပဒေရှေ့မှောက်မှာ တန်းတူအခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်မှုတွေနဲ့ မျှတကောင်းမွန်တဲ့စနစ်နဲ့ ပူးတွဲထိန်းကွပ်ပေးဖို့ လိုပါတယ်။ ကျမတို့တွေက လူမျိုးရေးကိစ္စကို မပြောချင်ကြဘူးဆိုပေမယ့်လည်း – ဒီနိုင်ငံရဲ့ဖြစ်တည်မှု၊ ပြည်တွင်းစစ်သမိုင်းနဲ့ ပဋိပက္ခကိုကြည့်ရင် လူမျိုးရေးက ပြဿနာရဲ့အဓိကအစိတ်အပိုင်းကြီးဖြစ်နေတာကြောင့် ပြဿနာရဲ့အဖြေ အဓိကအစိတ်အပိုင်းတခုအဖြစ် addressလုပ်ပြီး ဖြေရှင်းကြဖို့ လိုနေပါတယ်။ နို့မဟုတ်ရင် ဗမာ/မြန်မာတွေဟာ စစ်အာဏာရှင်တွေနဲ့စနစ်ဆိုးရဲ့ ဖိနှိပ်မှုကို ငါတို့လည်းခံနေရတာပဲဆိုပြီး ဖိနှိပ်ခံကြရတဲ့အပြင် ဖိနှိပ်တဲ့လွှမ်းမိုးတဲ့လူမျိုးစုဝင်ဆိုတာကြီးပါ ဖြစ်နေရတယ်။ အဲဒါကို ဖြေရှင်းပြောင်းလဲပစ်ဖို့ လိုအပ်ပါတယ်။ ဒီလို တန်းတူခွင့်ကိုလက်ခံလိုက်မယ်ဆိုရင် ဗမာ/မြန်မာလူမျိုးစုနဲ့ ဗမာ/မြန်မာမဟုတ်တဲ့လူမျိုးစုတွေကြားမှာ ခေတ်အဆက်ဆက်ကြီးထွားနေတဲ့ သံသယတွေကိုလည်း ရှင်းသွားစေနိုင်ပါလိမ့်မယ်၊ ယုံကြည်မှုတည်ဆောက်နိုင်စေပါလိမ့်မယ်။ အထူးသဖြင့် အခုတော်လှန်ရေးမှာ မပူးပေါင်းသေးတဲ့တော်လှန်ရေးအင်အားစုတွေပါ ပူးပေါင်းစုစည်းအောင်မြင်နိုင်စေပါလိမ့်မယ်။ ဒါဟာ အခရာကျတဲ့ နိုင်ငံရေးအာမခံချက်တခုလည်း ဖြစ်ပါတယ်။ ဒီလိုဖြေရှင်းတဲ့နေရာမှာ ပထဝီအရရော လူမျိုးရေးအရ ထည့်သွင်းစဥ်းစားကြပြီး တန်းတူခွင့်နဲ့ နိုင်ငံရေးတန်းတူခွင့်ကို အကောင်အထည်ဖော်ကြမှ ရမှာပါ။ အဲဒီ့လိုပြောင်းလဲဖွဲ့စည်းလို့ ဗမာ/မြန်မာတွေ အောက်ကျနောက်ကျ ထိခိုက်နစ်နာသွားမှာလား၊ ဖိနှိပ်ခံရမှာလား အစရှိသဖြင့် စိုးရိမ်မှုတွေနဲ့ကန့်ကွက်ပြောဆိုရေးသားကြတာတွေကိုလည်း တွေ့နေရပါတယ်။ အဲဒီ့စိုးရိမ်သလိုတွေ ဖြစ်မယ့်ကိစ္စ မဟုတ်ပါဘူး။ အဲဒီ့လို တစုတဖွဲ့ကနေ အထက်စီးကနေ ပေးလိုက်ရတဲ့အရာ မဟုတ်ပါဘူး။ အချုပ်အခြာအာဏာပိုင်တဲ့ ဖက်ဒရယ်ယူနစ်တွေ ပြည်နယ်တွေက တန်းတူပေါင်းပြီး ပြည်ထောင်စုနိုင်ငံတည်ထောင်တာဖြစ်ပါတယ်။ ဗမာ/မြန်မာ ဖက်ဒရယ်ယူနစ်ဖွဲ့စည်းခြင်းအားဖြင့်- အထက်လွှတ်တော်မှာ သူများနဲ့တန်းတူ အရေအတွက် ထိုင်ရမှာသာဖြစ်ပါတယ်။ လူဦးရေအခြေပြု ပြည်သူ့လွှတ်တော် အောက်လွှတ်တော် ရွေးကောက်တင်မြှောက်တဲ့နေရာတွေ ထုံးစံအတိုင်း အများစုနေရာယူနေဦးမယ့် ဖြစ်တည်မှု ထိခိုက်နစ်နာသွားမှာ မဟုတ်ပါဘူး။ ကျမတို့ဟာ လူမျိုးရေးကိစ္စကို မပြောချင်ပါဘူး။ ဒါပေမဲ့ Ibram Kendi ရဲ့ definitionအရ – လူမျိုးရေးမှာ ကြားနေ neutral ဆိုတာ မရှိဘူး၊ Non-racistဆိုတာ မရှိဘူး၊ racistလား Anti-racistလား ဆိုတာပဲ ရှိတယ်လို့ ဆိုပါတယ်။ အဲဒီ့တော့ လူမျိုးရေးအရ မမျှတမှုတွေ ဒီနိုင်ငံမှာရှိနေသရွေ့ ဒီလူမျိုးရေးအရမမျှတမှုတွေကို ဖော်ထုတ်ပြောဆိုဖြေရှင်းကြဖို့ လိုနေမှာဖြစ်ပါတယ်။ လူမျိုးရေးအရမမျှတမှုဖိနှိပ်မှုတွေ မရှိတော့ဘူးဆိုတဲ့နေ့မှာ ဒီလို လူမျိုးရေးအရပြောဆိုနေစရာတွေ မလိုတော့ပါဘူး။ ဒီနိုင်ငံရဲ့ရေခံမြေခံနဲ့ လူမျိုးစုအုပ်စုတွေကြားမှာ တန်းတူအခွင့်အရေးမရှိတဲ့ မမျှတတဲ့ Racistမူဝါဒနဲ့စနစ်တွေရှိနေတာကို တိုက်ဖျက်ပြီး လူမျိုးစုအုပ်စုတွေကြားမှာ တန်းတူအခွင့်အရေးရှိအောင်စီမံတဲ့ Anti-racistမူဝါဒတွေ ကျင့်သုံးဖို့လိုပါမယ်။ မျှတတဲ့ တန်းတူတဲ့မူဝါဒတွေနဲ့ စနစ်ရှိတယ်ဆိုရင်တော့ ဒီလိုလူမျိုးရေးကိစ္စတွေကို အခုလိုပြောနေကြစရာ မလိုတော့ဘူးပေ့ါ။ ဆိုတော့ အားလုံးရဲ့နိုင်ငံရေးဆန္ဒကိုထင်ဟပ်တဲ့ ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေမှာရော ဖက်ဒရယ်ယူနစ်ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါ ထည့်သွင်း ပြဌာန်းရမှာဖြစ်ပါတယ်။ အဲဒီ့အခွင့်အရေးတွေ ခိုင်မာစေဖို့အတွက် အားကောင်းလွတ်လပ်တဲ့ တရားရေးစနစ်လည်း တည်ထောင်ကြရပါမယ်။တရားမျှတရေး၊ လွတ်လပ်ရေး၊ တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိရေး တို့အာမခံချက်ရှိတဲ့၊ ဘာသာရေးကို အခြေမခံတဲ့ Secular State ဖြစ်တဲ့၊ သာတူညီမျှ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ကြရပါမယ်။ အထူးသဖြင့် လူသားလုံခြုံရေး၊ လူ့အခွင့််အရေးနဲ့ လူ့ဂုဏ်သိက္ခာ ကို အာမခံတဲ့ လူ့အဖွဲ့အစည်းကို တည်ဆောက်ကြရပါမယ်။ ကျမတို့ဟာ စနစ်အရ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ ပုံဖျက်တည်ဆောက်ခံထားရတဲ့ နိုင်ငံရေးအဆောက်အအုံဟောင်းတစုံလုံးကို ဖြိုဖျက်ချပြီးတော့ အသစ်ရေးဆွဲတည်ဆောက်ကြမှသာ အဆိုးကျော့သံသရာကနေ လွတ်မြောက်နိုင်မှာဖြစ်ပါတယ်။
(ဖက်ဒရယ်ဟာ အတူနေဖို့ လမ်းကြောင်းတခု ဖြစ်ပါတယ်။ အတူနေဖို့ အဆင်မပြေဘူးဆိုရင်လည်း အခြားလမ်းကြောင်းတွေ သွားကြဖို့ တံခါးဖွင့်စဥ်းစားချက်တွေ ဟိုးအရင်ကတည်းက ရှိနေပြီးသား ဖြစ်တယ်။ အခုမှ အသစ် မဟုတ်ပါဘူး။ အတူနေလို့ မရရင်၊ ခွဲနေကြရုံပါပဲ။ ဘာမှ တားနေစရာ မရှိပါဘူး။)